မြန်မာအမျိုးသမီးများနေ့ အကြိုဂုဏ်ပြုဆောင်းပါး ပေကျင်းကြေညာစာတမ်းမှသည် မြန်မာအမျိုးသမီးများနေ့ဆီသို့

 

ခင်ရတနာ
 

ရှေးအခါက အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်ကြသည်။ ခွန်အားဖြင့် လူ့အသိုက်အဝန်းကို တည်ဆောက်ကြရသည့်အချိန် အမျိုးသားများက ဦးဆောင်ဦးရွက်ပြုကာ ရန်အပေါင်းကိုတားဆီး၊ အခက် အခဲများကို ကျော်လွှားပေးခဲ့ကြသည်။ ရာစု၊ ထောင်စုနှစ်များစွာဖြတ်သန်းပြီးချိန် မျက်မှောက်ကာလတွင် ခွန်အားကြီးမားခြင်းထက် ဆန်းသစ်တီထွင်မှုနှင့် နည်း ပညာအကူအညီများဖြင့် ပိုမိုမြင့်မားသည့် လူ့အသိုက် အဝန်းကို တည်ဆောက်လျက်ရှိရာ အမျိုးသမီး၊ အမျိုး သားများ၏ အခွင့်အရေးနှင့်တာဝန်များသည်လည်း ယခင်ကထက် ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါသည်။ အမျိုး သမီးများသည် မိသားစုအတွက်သာမက ပတ်ဝန်းကျင် အတွက်၊ နိုင်ငံတော်အတွက်၊ မြေကမ္ဘာအတွက် တတ်စွမ်း သမျှ အကျိုးပြုရန် စိတ်အားထက်သန်ကြသူများအဖြစ် မြင်တွေ့ရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများအတွက် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ အမျိုးသမီးများ၏ မိသားစုအရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အခွင့်အရေးနှင့် အခြားသော စိန်ခေါ်မှုများ၊ ဖြေရှင်းအောင်မြင်မှုများကို ဖော်ကျူးသည့်နေ့ရက်အဖြစ် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။


ပေကျင်းကြေညာစာတမ်း
အမျိုးသမီးများအား အမျိုးသားများနည်းတူ အခွင့် အရေးများ ရရှိခံစားနိုင်စေရန်၊ တန်းတူရည်တူ ဆက်ဆံ ခွင့်ရရှိစေရန်နှင့် အမျိုးသမီးများ၏စွမ်းပကား မြင့်မား စေရန် တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ရန်အတွက် ကမ္ဘာ့အမျိုးသမီးများညီလာခံများကို ၁၉၇၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး စတုတ္ထအကြိမ်မြောက်အဖြစ် ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံမှ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုင်း၌ အမျိုးသားအဆင့် ယန္တရားဖွဲ့စည်းကာ ဆောင်ရွက်သင့် သည့် ကဏ္ဍအပါအဝင် ကဏ္ဍ ၁၂ရပ်ပါဝင်သည့် ပေကျင်း ကြေညာစာတမ်း(Beijing Declaration) ကို ပြဋ္ဌာန်း နိုင်ခဲ့ပါသည်။

ယင်းကြေညာစာတမ်းအရ မြန်မာနိုင်ငံသည်လည်း မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပထမခြေလှမ်းဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက် နေ့တွင် ဖွဲ့စည်းခဲ့သည်။ ယင်းနေ့ကိုပင် မြန်မာအမျိုးသမီး များနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများအရေးအတွက် ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်းကော်မတီကို ဆက်လက် ဖွဲ့စည်းနိုင်ခဲ့သည်။ အမျိုးသမီးတိုင်းပါဝင်နိုင်ရေးနှင့် အခြား သော လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပိုမို ကျယ်ပြန့်စွာဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်ကို အစိုးရမဟုတ်သော အဖွဲ့အစည်း အဖြစ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါ သည်။
ရည်မှန်းချက်များအဖြစ် အမျိုးသမီးများဘဝလုံခြုံမှု ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဦးတည်ဆောင်ရွက် ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး ရန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းစဉ်များကို လုပ်ငန်းသဘောသဘာဝ ချင်းတူညီသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။ ပထမ အကြိမ် မြန်မာအမျိုးသမီးရေးရာညီလာခံကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာနတွင် ကျင်းပခဲ့ပြီး ယင်းညီလာခံမှတစ်ဆင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို ချမှတ် နိုင်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့စတင်ပေါ်‌ပေါက်
မြန်မာနိုင်ငံရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အစည်း အဝေးတွင် မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့တွင် သတ်မှတ်ရန်သဘောတူညီခဲ့ကြပါသည်။ နိုင်ငံတော်က အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းညီညွတ်စွာ လှုပ်ရှားဆောင်ရွက်သွားမည့် ဦးဆောင်အဖွဲ့ကြီးအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအစား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော် မတီဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ယင်းကော်မတီအနေဖြင့် အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း ကိုးဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ် များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ဝိသာခါ ဖောင်ဒေးရှင်းတို့နှင့်လည်းကောင်း၊ ကျား၊ မ တန်းတူညီမျှ ရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်တို့နှင့် လည်း ကောင်း ပူးပေါင်း၍ အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

ကိုဗစ်ရိုက်ခတ်မှုနှင့် အမျိုးသမီးကဏ္ဍ

ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် အကျိုး သက်ရောက်မှုသည် ကြီးမားပြင်းထန်လွန်းလှသည်။ ယခု ကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကျိုးသက်ရောက်မှုသည်လည်း အလွန်ပင် ကြီးမားလျက် ရှိပါသည်။ အာရှ-ပစိဖိတ်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပထမရက် ၁၀၀ အစီရင်ခံစာအရ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များသည် ကိုဗစ်-၁၉ ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက် ခံစားရမှု များ၊ အကြမ်းဖက်ခံရမှုများ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှုများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိသည့် နိုင်ငံများ တွင် သဘာဝဘေးနှင့် ကိုဗစ်-၁၉ အန္တရာယ် ပေါင်းစပ် သက်ရောက်မှုများကို ခံစားနေကြရကြောင်း သိရှိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာသည်ကို လည်း နိုင်ငံတကာသတင်းစာမျက်နှာများပေါ်တွင် မြင်တွေ့ရပါသည်။

ကိုဗစ်-၁၉ သက်ရောက်မှုအတွက်ကြိုတင်ပြင်ဆင်

နိုင်ငံတော်အစိုးရက အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက် ရန်အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် လက်တွဲကာ အသိပညာများဖြန့်‌ဝေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများပေးအပ်ခြင်း၊ ဥပဒေအရအကာအကွယ် များ ထိရောက်စွာ ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုရေးစောင့်ရှောက်မှုများနှင့် ပညာဆက်လက်ဆည်းပူးခွင့်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (Covid-19 Economic Relief Plan-CERP) တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ကိုယ်ဝန်ဆောင် အမျိုးသမီး များ အပါအဝင် လက်ရှိ MCCT အစီအစဉ် ဆောင်ရွက် နေသော ဒေသများမှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ငွေကြေးထောက်ပံ့ ခြင်း၊ အမျိုးသမီးများပါဝင်သော သက်ကြီးရွယ်အိုများ၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းသူ များ၊ IDP စခန်းများနှင့် နေရပ်စွန့်ခွာသူများကို ငွေကြေး ပံ့ပိုးမှု အစီအစဉ်များ ပါဝင်သည်ကို မြင်တွေ့ရပါသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလများ အတွင်း နေရပ်ပြန်နှင့် ကျေးလက်ဒေသနေ အမျိုးသမီး များအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသ အလိုက် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖန်တီးပံ့ပိုးကူညီနိုင်ရေးနည်းလမ်းများ၊ အသက် မွေးဝမ်းကျောင်း သင်တန်းများပေးအပ်၍ ရင်းနှီးစိုက်ထုတ်ပေးနိုင်မည့် နည်းလမ်းများ၊ ရှေ့ပြေးစီမံကိန်းဒေသများ သတ်မှတ် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ လက်ရှိဆောင်ရွက် နေသည့် စီမံချက်အတွေ့အကြုံများနှင့် စျေးကွက်ရှာဖွေ ပေးရေးကိစ္စရပ်များ၊ လိုအပ်သည့်စစ်တမ်းများကောက် ယူနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလအလွန် ဆောင်ရွက်ရ မည့်အချက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ ဝင်းမြတ်အေးနှင့် အမျိုးသမီးအရေး တက်ကြွစွာဆောင် ရွက်ပေးလျက်ရှိသည့် ကော်မတီဝင် အမျိုးသမီးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးဆောင် ရွက်လျက်ရှိပါသည်။

မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ ဆောင်ပုဒ်အား “အမျိုးသမီးများ ပေါင်းစည်းအား ကိုဗစ်-၁၉ ဒို့ကျော်လွှား” ဟူ၍ သတ်မှတ် ထားပြီး အကြိုလှုပ်ရှားမှုအစီအစဉ်များအဖြစ် သစ်ပင်စိုက် ပျိုးခြင်းများကိုလည်း ဇူလိုင်လ ၂ ရက်နေ့တွင် အမျိုးသမီး အဖွဲ့ ၁၁ ဖွဲ့က သက်ဆိုင်ရာနေရာအသီးသီးတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စိုက်ပျိုး မည်ဖြစ်ပါသည်။ ထို့ပြင် အွန်လိုင်းမှတစ်ဆင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲ ကိုလည်း UNFPA၊ Gender Equality Network၊ Women Organization Network တို့၏ နည်းပညာနှင့် ငွေကြေး ပံ့ပိုးမှုများဖြင့် Myanmar National Committee on Women လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ကျင်းပ သွားမည်ဖြစ်ပါသည်။

ထို့ပြင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွင် အမျိုး သမီးများ၏ ပါဝင်မှုနှင့် စိန်ခေါ်မှုများအတွက် အကြို စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ ကျန်းမာရေးကဏ္ဍတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသောစိန်ခေါ်မှုများ အကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသ၊ ကာကွယ်၊ ထိန်းချုပ် ရာတွင် သူနာပြု၊ သားဖွားများ၏အခန်းကဏ္ဍနှင့် တွေ့ကြုံရသော စိန်ခေါ်မှုများအကြောင်း၊ Community Based Facility Quarantine Center များမှ စေတနာ့ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပြည်သူ များအား ပညာပေးခြင်းတွင် အမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှုများ၊ တွေ့ကြုံရသောစိန်ခေါ်မှုများနှင့် အမျိုးသမီးများအပါအဝင် ပြည်သူအားလုံးအတွက် ကျန်းမာရေးနှင့်ပတ်သက်သော စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများအကြောင်းကို ဆွေးနွေးနိုင်ခဲ့ပါသည်။ ထို့ပြင် စီးပွားရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့မှ သက်ဆိုင်ရာ ပညာရှင်များကလည်း အသီးသီးဆွေးနွေးအဖြေရှာကာ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်နိုင်ရေး နည်းလမ်းကောင်း များကို ထုတ်ဖော်ဆွေးနွေးလျက်ရှိပါသည်။
ကမ္ဘာနှင့်ချီ၍ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကျရောက်ချိန်တွင်လည်း အမျိုးသမီးများသည် နိုင်ငံအတွက် တတ်စွမ်းသမျှဆောင်ရွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်ပါ သည်။ အမျိုးသမီးများ၏ အခွင့်အရေး၊ ဘဝလုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးနှင့် အကြမ်းဖက်မှုကာကွယ်ရေးတို့တွင်လည်း နိုင်ငံ တော်နှင့်အတူ လက်တွဲဖော်ဆောင်ကြသည့် မြန်မာအမျိုး သမီးများစွာ ပေါ်ထွန်းခဲ့ပြီး ဆက်လက်ထွက်ပေါ်လာဦး မည်ဟုလည်း ယုံကြည်ပါသည်။

“ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးနေ့ကို အသိအမှတ်ပြုတဲ့အခါ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီး တွေရဲ့ ရပိုင်ခွင့်စတာတွေကိုသာမက အခွင့်အရေးတွေကို အများအတွက် ဘယ်လိုအသုံးချမလဲဆိုတာကို အဓိက ထားပြီး စဉ်းစားစေချင်ပါတယ်။ အမျိုးသမီးများ ပိုပြီးတော့ အခွင့်အရေးရလာရင်၊ အမျိုးသမီးများအတွက် အခွင့်အလမ်း တွေပိုပြီးတော့ပွင့်လာရင် အားလုံးအတွက် ဘယ်လို ကောင်းအောင်ပိုပြီးလုပ်နိုင်မယ့် အခွင့်အလမ်းတွေ ကျွန်မ တို့ ရနိုင်မလဲဆိုတာကို စဉ်းစားစေလိုပါတယ်”ဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီး များနေ့ အခမ်းအနားမိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်း ပြောကြားထားခဲ့ဖူးပါသည်။

မြန်မာနိုင်ငံသည် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံတွင် ပေါ်ထွက်ခဲ့သည့် ပေကျင်းကြေညာ စာတမ်းပါ အမျိုးသမီးများနှင့် ဆင်းရဲနွမ်းပါးမှု၊ အမျိုးသမီး များနှင့် ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများ နှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် လက်နက်ကိုင်ပဋိပက္ခ၊ အမျိုးသမီးများ နှင့် စီးပွားရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ယန္တရားများ၊ အမျိုးသမီးများ၏ လူ့အခွင့်အရေး၊ အမျိုး သမီးများနှင့် လူထုဆက်သွယ်ရေး၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ မိန်းကလေးငယ်များ စသည့် ကဏ္ဍကြီး ၁၂ ရပ် စလုံးတွင် လိုက်ပါဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအမျိုးသမီးများ ပေါင်းစည်း အားဖြင့် ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားအောင်မြင်ကာ နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံတော်၏ အကျိုးစီးပွား ဆောင်ကြဉ်းနိုင်ကြသူများဟု ယုံကြည်မိပါတော့ သည်။ ။