မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်စီချမှတ်

နေပြည်တော်  ၂၁   ဇန်နဝါရီ 

မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် တစ်သက်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်နေ အသက် (၁၉) နှစ်နှင့် (၄၀) နှစ် အရွယ်ရှိ အမျိုးသမီး နှစ်ဦးအား တစ်ရပ်ကွက်တည်းနေ မအေးမိစံ၊ မပိုင်ပိုင်၊ ကိုဖိုးလုံး၊ မထက်ထက်၊ မဌေး၊ မခိုင်၊ မစုတို့က တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အလုပ်အကိုင်ရှိကြောင်း၊ ဝင်ငွေကောင်းကြောင်း ပြောဆိုစည်းရုံးကာ မန္တလေး-မူဆယ်-ရွှေလီ လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်ဇနီးမယားများအဖြစ် ရောင်းစားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်အား  ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်ခဲ့ပြီး မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားခံ မအေးမိစံ၊ မပိုင်ပိုင်၊ ကိုဖိုးလုံး၊ မထက်ထက်၊ မဌေးတို့အား ဇန်နဝါရီ ၁၇ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ-၂၈ အရ ထောင်ဒဏ် တစ်သက်စီ ကျခံစေရန်နှင့် တိမ်းရှောင်တရားခံများအား တရားခံပြေး ကြေညာခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ  သိရသည်။ 

 

(သတင်းစဉ်)