မြန်မာအော်ဂဲနစ် ပျားရည်ကို ပြည်ပမှဝယ်ယူမှု မြင့်တက်နေပြီး တရုတ်သို့ အများဆုံးတင်ပို့နေရ

mdn

နေပြည်တော် ၁၂ မေ

မြန်မာအော်ဂဲနစ် ပျားရည်ကို ပြည်ပဈေးကွက်မှ ဈေးကောင်းပေးကာ ဝယ်ယူမှုမြင့်တက်နေပြီး တရုတ်သို့ ၈၀ ရာခိုင်နှုန်း နီးပါးအထိ တင်ပို့နေရကြောင်း ပျားမွေးမြူထုတ်လုပ်သူများထံမှ သိရှိရသည်။

 

“သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း နည်းပညာပေးသင်တန်းတွေနဲ့ ပြည်ပတင်ပို့တဲ့အထိ လိုအပ်ချက်တွေကို ကူညီပေးနေတယ်။ သဘာဝနည်းနဲ့ ပျားမွေးမြူတာတွေ ဖွံ့ဖြိုးလာဖို့ လိုအပ်တဲ့ ပံ့ပိုးမှုအားတွေ ကောင်း လာတာ တွေ့ရတယ်။ တရုတ်ကတော့ မြန်မာ့ပျားရည် ဒိုင်ခံဝယ်လက်လို ဖြစ်နေတော့ ဈေးလည်းပေးဝယ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးရှိ ပျားမွေးမြူသူများကွန်ရက်ဝင် ဦးမောင်မောင်က ပြောကြားခဲ့သည်။

 

မြန်မာ့အောင်ဂဲနစ် ပျားရည်ကို ဆီး၊ ပန်းနှမ်း၊ နှမ်း၊ နေကြာ၊ လဲမှို့၊ ရော်ဘာ၊ သရက်၊ ပင့်ကူထိပ်ပိတ်(ပန်းသုံး ဆင့်)၊ လိုင်ချီးတို့မှ ထုတ်ယူပြီး တရုတ်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယားစသည့်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ပျားလုပ်ငန်းဌာနအနေဖြင့် ပျားမွေးမြူရေးသင်တန်းများကို လုပ်ဆောင်ပေးနေခြင်းမှာ ဒေသခံတောင်သူများအား ပျားမွေးမြူရေး ပညာရပ်ကို စာတွေ့လက်တွေ့တတ်မြောက်ပြီး မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူကာ အပိုဝင်ငွေရရှိသည်မှ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ထုတ်လုပ်ဆောင်ရွက်နိုင်စေရန် ကူညီပေးနေကြောင်း သိရသည်။

 

လက်ရှိ ပျားမွေးမြူသူများကို ခေတ်မီဥရောပမေထုန်မဲ့နည်းဖြင့် အရည်အသွေး ကောင်းမွန်သည့် မိတ်အောင် ပျားဘုရင်မ မွေးမြူထုတ်လုပ်ရေးမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိရာ AI နည်းဖြင့် မိတ်အောင်ပျားဘုရင်မများ အောင်မြင်စွာ မွေးမြူထုတ်လုပ်နိုင်စေရန် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

 

အဆိုပါဌာနအနေဖြင့် ပျားဘုရင်မ၏ ဇီဝကမ္မဗေဒ၊ မျိုးရိုးဗီဇ၊ ရောဂါများ၊ ပျားထီးမွေးမြူနည်း၊ ပျားဘုရင်မမွေးမြူနည်း၊ မိတ်လိုက်ပျားအုံငယ်များ ဖွဲ့စည်းခြင်းနှင့် အသုံးပြုခြင်း၊ AI နည်းဖြင့် မိတ်အောင်ပျားဘုရင်မ မွေးမြူနည်းများကို အဓိကထား လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ပျားလုပ်ငန်းဌာန၏ အချက်အလက်များ အရသိရသည်။

 

“ မြန်မာ့အော်ဂဲနစ်ပျားရည်က နိုင်ငံခြားဈေးကွက် ကောင်းနေတယ်။ နိုင်ငံခြားက ထွက်သလောက်ယူတာ။ နိုင်ငံခြားဈေးကွက်ကို ၈၀ရာခိုင်နှုန်း တင်ပို့တယ်။ တရုတ်နဲ့ ထိုင်းကို ပို့ရတာ အများဆုံးပဲ။ တရုတ်က နည်းပညာ လာပေးမယ်ဆိုရင် ဒီက ပျားမွေးမြူရေးသမားတွေအတွက် အကျိုးအမြတ် ပိုများလာနိုင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၅/၂၀၁၆ဘဏ္ဍာနှစ်တွင် ပျားရည် ၅၅၇၂၂၀ဝ ပေါင် ထုတ်လုပ်ရန် ရည်မှန်းထားပြီး ဝတ်မှုန်ကူးပြောင်းဧက ၁၀ဝ၆၇၇၆ရှိ တိုးချဲ့ပျားအုံ ၅၄၀ဝ အုံရှိသည်။ ပျားမွေးမြူရေး ပညာတိုးချဲ့ ပေးနိုင်ရေးအတွက် ပျားလုပ်ငန်းဌာနမှ တောင်သူများအား သင်တန်းများ ပို့ချပေးလျက် ရှိကြောင်းသိရသည်။

 

မြတ်သူ(AMIA)/ ဓာတ်ပုံ-ကေဇူး(AMIA)