မြန်မာ ယူ-၂၂ အသင်းတွင် ဒဏ်ရာရရှိခဲ့သည့် ဘုန်းသစ္စာမင်းနှင့် ကျော်သူထွန်းတို့ကို ထိုင်းနိုင်ငံ၌ ခွဲစိတ်ကုသ

၁၉  ဇန်နဝါရီ

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၏ ပြိုင်ပွဲအကြိုပြင်ဆင်မှုများတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ဂိုးသမား ဘုန်းသစ္စာမင်းနှင့် နောက်ခံလူ ကျော်သူထွန်းတို့၏ဒဏ်ရာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သွန်ဘူရီဆေးရုံ၌ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သည်။ ယင်းကစားသမားနှစ်ဦး၏ ခွဲစိတ်ကုသမှုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက အကုန်အကျခံခွဲစိတ်ကုသပေးခြင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ယင်းကစားသမားနှစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဘုန်းသစ္စာမင်း၏ဒဏ်ရာကို ဇန်နဝါရီ ၁၇ ရက်၊ ကျော်သူထွန်း၏ ဒဏ်ရာကို ဇန်နဝါရီ ၁၉ ရက်တွင် ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

 

‌ေ

 

ဘုန်းသစ္စာမင်းသည် အောက်တိုဘာ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်၌ ဒူးဒဏ်ရာရခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ ဘုန်းသစ္စာမင်းသည် ခွဲစိတ်မှုအောင်မြင်သဖြင့် နှစ်လအကြာတွင် အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လအကြာတွင် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျော်သူထွန်းမှာမူ မြန်မာ ယူ-၂၂ အသင်း၏ ကာတာခြေစမ်းခရီးစဉ်ဖြစ်သော နီပေါအသင်းနှင့် ခြေစမ်းပွဲတွင် ဝဲဘက်ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် ဆီးဂိမ်းပြိုင်ပွဲကို လွဲချော်ခဲ့သည်။ ကျော်သူထွန်း၏ ဒဏ်ရာကို ခွဲစိတ်ပြီးနောက် ကျောက်ပတ်တီးစီးထားကာ နှစ်ပတ်အကြာတွင် ပြန်ဖြုတ်ရမည်ဖြစ်သည်။ ကျော်သူထွန်းသည်တစ်လခွဲအကြာတွင် အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး သုံးလအကြာတွင် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယင်းကစားသမားနှစ်ဦး၏ ခွဲစိတ်ကုသမှုတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆရာဝန်ဖြစ်သူ ဒေါက်တာဖြိုးမင်းဦးက လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်ကစားသမားများ၏ ဒဏ်ရာများအား အကုန်အကျခံကာ ကုသပေးလျက်ရှိပြီး ယခုကစားသမားများမတိုင်မီက ငြိမ်းချမ်းအောင်၊ ကျော်မင်းဦးစသည့် ကစားသမားများ၏ ဒဏ်ရာများကိုလည်း ထိုင်းနိုင်ငံ၌ သွားရောက်ခွဲစိတ်ကုသပေးခဲ့သည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF