မြန်မာ ယူ-၂၂ အသင်း ခြေစမ်းပွဲများကစားရန် ထိုင်းသို့ ထွက်ခွာ

၁၁ နိုဝင်ဘာ

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားသည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် နိုဝင်ဘာ ၁၃ ရက်တွင်ထိုင်း ယူ-၂၂ အသင်းနှင့် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကာ နိုဝင်ဘာ ၁၇ ရက်တွင် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။

 

 မြန်မာ ယူ-၂၂ အသင်းသည် ယင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားပြီး နိုဝင်ဘာ ၁၀ ရက် ညပိုင်းမှ ကစားသမားများ လျှော့ချခဲ့ခြင်းဖြစ်သည်။ ခြေစမ်းပွဲများကစားမည့် မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ-ဦးမင်းလှိုင်၊ နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေးနည်းပြ-ဖွန်ဆီကာ၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုးသမား-ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ နောက်တန်း-ရဲမင်းသူ (ရှမ်းယူနိုက်တက်)၊ ရဲရင့်အောင် (ရတနာပုံ)၊ သူရိန်စိုး (ရန်ကုန်)၊ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ကျော်ဖြိုးဝေ၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော်၊ အလယ်တန်း-နေမိုးနိုင်၊ ဇင်မင်းထွန်း၊ စိုးလွင်လွင် (မကွေး)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်(ရတနာပုံ)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဟိန်းထက်အောင်၊ ထက်လင်းလင်း (ဟံသာဝတီ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ရှေ့တန်း-ဝင်းနိုင်ထွန်း (ရတနာပုံ)၊ အောင်ကောင်းမာန်(ဧရာဝတီ)၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်) နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၂၂ အသင်းသည် ကာတာခြေစမ်းခရီးစဉ်အပြီးတွင် ကစားသမားသစ်အချို့ အားဖြည့်ရွေးချယ်ခဲ့ပြီး ယခုခရီးစဉ်အတွက် အပြီးသတ်ရွေးချယ်ရာတွင် ဒဏ်ရာရနေသည့် ကျော်သူထွန်းနှင့် ပြည့်စုံနိုင်တို့အပါအဝင် ဂိုးသမား ထွန်းနန္ဒာဦး၊ ဇေယျာနိုင်တို့ ချန်လှပ်ခံခဲ့ရသည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် မေလတွင် စတင်ကျင်းပခဲ့ပြီး လက်ရှိအချိန်ထိ ခြေစမ်းပွဲခုနစ်ပွဲကစားထားကာ ပြိုင်ပွဲမတိုင်မီ နောက်ထပ်နှစ်ပွဲ ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်မတိုင်မီ ကစားထားသည့်ခြေစမ်းပွဲ ခုနစ်ပွဲတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်