မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း မန္တလေးမြို့၌ ခြေစမ်းပွဲများ ထပ်မံကစားမည်

ညီမြတ်သော်တာ

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းပွဲများ ကစားနေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၆၊ ၁၈ ရက်တွင် ခြေစမ်းပွဲများ ထပ်မံကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင် အား/ကာသိပ္ပံ အမျိုးသမီးအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မြန်မာဘောလုံး အကယ်ဒမီ ယူ-၁၄ အမျိုးသားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ခြေစမ်းပွဲနှစ်ပွဲစလုံးကို ညနေ ၄ နာရီတွင် မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းပွဲများ လာရောက်ကစားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၁၊ ၁၃ ရက်တွင် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်ကို ပထမပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးပြီး ဒုတိယပွဲတွင် နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြည်တွင်းခြေစမ်းပွဲ နှစ်ပွဲအပြီးတွင် ပဏာမကစားသမား ၂၅ ဦးမှ နှစ်ဦးလျှော့ချကာ အပြီးသတ် ၂၃ ဦး ရွေးချယ်မည် ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ- ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဒေါ်မေသူထွန်း၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား- ခင်မြတ်မိုး၊ ကြည်ပြာလင်း၊ ဇူးလတ်နဒီ၊ နောက်တန်း- အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ နန့်ဇူးဇူးထက်၊ နန့်သဲအိမိုး၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ အလယ်တန်း- ဘွဲ့လျန်ကိန်း၊ လင်းမြင့်မိုရ်၊ မေဖူးကို၊ မိုးမိုးသန်း၊ မေထက်လူ၊ နော်ထက်ထက်ဝေ၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ သဇင်အောင်၊ ဝင်းဝင်း၊ ရှေ့တန်း- အေးမြတ်ခိုင်၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်တို့ ပါဝင်ကြသည်။