မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ပြုလုပ်ကျင်းပခြင်းကြောင့် ဈေးကွက်အသစ်များ ထပ်မံပေါ်ပေါက်လာ

မူဆယ် ၁၅ ဒီဇင်ဘာ

 

နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုမြှင့်တင်ပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာရန်၊ နယ်စပ်ဒေသဘက်မှ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းများ ထပ်မံတိုးချဲ့ရန်၊ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများကို ထိရောက်စွာ တားဆီးပိတ်ပင်ရန်၊ နှစ်နိုင်ငံရှိ ကုန်ပစ္စည်းများကို အပြန်အလှန် မိတ်ဆက်ပြီး ကုန်သွယ်မှုများ တိုးမြှင့်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရန်နှင့် ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲလာရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည့် အကြောင်းအရာများကို (၁၈)ကြိမ်မြောက်၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးကြသည်။

 

မြန်မာ-တရုတ်ကုန်စည်ပြပွဲကို (၂၀၀၁)ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၁၇)ကြိမ်မြောက် ကုန်စည်ပြပွဲကို (၂၀၁၈)ခုနှစ်တွင် မူဆယ်မြို့၊ မင်္ဂလာမူဆယ်၌ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့သည်။ (၁၈)ကြိမ်မြောက်၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ကျင်ရှင်ကျောက်မြတ်ရတနာနှင့် သစ်ထွက်ပစ္စည်းများ ယဉ်ကျေးမှုစင်တာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပြခန်းပေါင်း(၅၀၀)ကျော်နှင့် ကုန်ပစ္စည်းအမျိုးအစား(၂၀၀၀) ကျော်တို့ကို ခင်းကျင်းပြသသည်။

 

မြန်မာနိုင်ငံဘက်မှ ပြခန်းပေါင်း(၅၃)မျိုး ခင်းကျင်းပြသပြီး ဒေသထွက်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အဓိကခင်းကျင်းပြသ၍ တရုတ်နိုင်ငံဘက်မှ စက်မှုပစ္စည်များနှင့် အခြားကုန်ပစ္စည်းမျိုးစုံတို့ကို ခင်းကျင်းပြသသည်။ “ကျွန်တော်တို့နိုင်ငံဘက်က လယ်ယာ ထွက်ကုန်တွေကို အဓိကပြသနေတာပါ၊ မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးဟာ လယ်ယာထွက်ကုန်တွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းဖြစ်နေတဲ့အတွက်ကြောင့် လယ်ယာထွက်ကုန်တွေကို တဖက်နိုင်ငံ၊ တရုတ်နိုင်ငံမှာ လာရောက်ပြသရခြင်းဖြစ်ပါတယ်”လို့ လယ်ယာထွက်ကုန်ကို အဓိကပြသရခြင်းအပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်သည်များနှင့်စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်း (NSSCCI) ဥက္ကဋ္ဌ ဦးစိုင်းဘိုဘိုက ပြောကြားသည်။ ထို့ပြင် (၁၈)ကြိမ်မြောက် မြန်မာ-တရုတ်ကုန်စည်ပြပွဲတွင် ထိုင်း၊ ဗီယက်နန်၊ ရုရှား၊ တောင်ကိုးရီးယား၊ သိရိလင်္ကာ၊ ပါကစ္စတန်၊ အန္ဒိယ၊ ဩစတေးလျ၊ ဇမ်ဘီးယား၊ ဂါနာနှင့် ကွန်ဂိုစသည့် နိုင်ငံများလည်း မိမိနိုင်ငံအလိုက် ကုန်ပစ္စည်းများကို လာရောက်ပြသကြသည်။

 

(၁၄)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အတည်ပြုအစည်းအဝေးကို ဒီဇင်ဘာ ၁၀  ရက်နေ့တွင် ရွှေလီမြို့၊ Jincheng Dihai Hotel အဆောင် (၁) အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံတာဝန်ရှိသူများက နယ်စပ်ဒေသမှ ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သည့် အချိန်တွင် နှစ်နိုင်ငံတွေ့ကြုံရသည့် အခက်အခဲများကို ပိုမိုကောင်းမွန်အောင် ပူးပေါင်းဖြေရှင်းရမည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။ “သစ်သီးတွေဖြစ်တဲ့ ထောပတ်သီး၊ နာနတ်သီး၊ ကျွဲ၊ နွားတွေဟာ တရုတ်နိုင်ငံဘက်ကို တရားဝင်တင်ပို့ခွင့်မရသေးဘူး၊ တရုတ်နိုင်ငံဘက်ကလည်း သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်းပေါ့၊ အဲ့ဒါတွေကို မြန်မာနိုင်ငံဘက်ကနေ ဘယ်လိုတင်ပို့ခွင့်ရမလဲဆိုတာတွေကို ဆွေးနွေးပြီး မူအားဖြင့် အမြန်ဆုံးလက်မှတ်ထိုးနိုင်ဖို့ ကျွန်တော်တို့ဘက်ကနေ တောင်းဆိုထားပါတယ်၊ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်အပေါ် တရုတ်နိုင်ငံရဲ့ ပညာရှင်များက မြန်မာဘက်မှ တင်ပို့မယ့်ကုန်ပစ္စည်းများကို စစ်ဆေးပြီး တင်ပို့မယ့် နယ်စပ်ဂိတ် လမ်းကြောင်းများကိုလည်း လာရောက်ကြည့်ရှုမယ်လို့ပြောတယ်၊ ဂိတ်ပေါက်တွေကို ကြည့်ရှုပြီးမှပဲ တင်ပို့နိုင်ဖို့ ခွင့်ပြု/မပြုဆိုတာ သူတို့ဘက်က အကြောင်းပြန်မယ်” လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ကုန်ပစ္စည်းများ တရားဝင်တင်သွင်းခွင့် ရရန်ဆွေးနွေးခြင်းကို ပြောကြားသည်။

 

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အတည်ပြု အစည်းအဝေးကို နှစ်စဉ်ကျင်းပခဲ့ပြီး (၁၈)ကြိမ်မြောက် မြန်မာ-တရုတ်ကုန်စည်ပြပွဲတွင် (၁၄)ကြိမ်မြောက်အထိ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးနိုင်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ထွက်ရှိသည့် လယ်ယာထွက်ကုန်များသည် နှစ်နိုင်ငံကုန်သယ်မှု စည်းမျဉ်းစည်းကမ်းများ အကန့်အသတ်ရှိခြင်းကြောင့် တရုတ်နိုင်ငံဘက်က နိုင်ငံမူဥပဒေအရ ဝယ်ယူခွင့်မရသလို  မြန်မာနိုင်ငံဘက်ကလည်း  အလွယ်တစ်ကူတင်သွင်းခွင့်မရသည့်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်တင်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးပြီး သဘောတူညီချက်ဖြင့် (MOU)လက်မှတ်ရေးထိုးနိုင်လျှင် လယ်ယာထွက်ကုန်ပစ္စည်းများကို လွယ်ကူချောမွေ့စွာ တင်ပို့ခွင့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ တင်ပို့ကုန်အများစုသည် ဆန်၊ ပြောင်း၊ သကြား၊ ဖရဲ၊ သခွားမွှေးနှင့် အခြားကုန်ပစ္စည်းများကို အဓိကတင်ပိုလျက်ရှိပြီး နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်မှုသည် နှစ်စဉ်တိုးတက်မှုရှိနေကြောင်း သိရသည်။ (၂၀၁၇-၂၀၁၈)ခုနှစ် ဘဏ္ဍာနှစ် အတွင်းတွင် နယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း(၅ ဒသမ ၉)ဘီလီယံခန့် ရှိပြီး (၂၀၁၈-၂၀၁၉)ခုနှစ်တွင် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက်ပိုမိုတိုးမြှင့်လာကြောင်း သိရသည်။

 

မြန်မာ-တရုတ် The Belt and Road စီမံကိန်း ဖော်မူလာသိပ္ပံယဉ်ကျေးမှုဖလှယ်တွေ့ဆုံပွဲကို ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။ သိပ္ပံနှင့်နည်းပညာဆိုင်ရာများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများအတွက် တီထွင်ဆန်းသစ်မှုများတွင် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။ “ကျွန်မတို့ဌာနက သုတေသနနဲ့ တီထွင်ဆန်း သစ်မှုလုပ်ငန်းရှင်များကို နည်းပညာတွေ ကူညီပံ့ပိုးပေးပါတယ်၊ ယခုကုန်စည်ပြပွဲမှာ ကျွန်မတို့ နည်းပညာနဲ့တွဲထားတဲ့ ကုမ္ပဏီတွေက နည်းပညာထီထွင်မှုတွေကို လာရောက်ပြသ ထားပါတယ်၊ နိုင်ငံ့ဂုဏ်ကို ဆောင်ပေးနိုင်တဲ့အတွက် ယခုတွေ့ဆုံပွဲက ပိုပြီးအကျိုးရှိပါတယ်”လို့ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်းက ပြောကြားသည်။

 

ဆက်လက်ပြီး နယ်စပ်ဖြတ်ကျော် Electronic Commerce “ဖွံ့ဖြိုးတိုးတက်” ဖိုရမ်တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးများ ပိုမိုမြန်ဆန်နိုင်ရန်အတွက် အပြန်အလှန် ဆွေးနွေးကြပြီး အခွန်အခများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် Electronic Commerce “ဖွံ့ဖြိုးတိုးတက်” စနစ်ကြောင့် ပြည်ပနိုင်ငံများ ဖွံဖြိုးတိုးတက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် Electronic Commerce “ဖွံဖြိုးတိုးတက်ရေး” ကော်မတီဖွဲ့စည်းထားပြီဖြစ်ပြီး ကော်မတီမှ လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းများနှင့် ဥပဒေများကို ထုတ်ပြန်ဖို့လိုအပ်ကြောင်း သိရသည်။

 

 “Electronic Commerce မလုပ်ခင်မှာ လက်ရှိမြန်မာနိုင်ငံ၊ နယ်စပ်ဒေသဖြတ်ကျော် ကုန်သွယ်မှုတွေဟာ တရားဝင်ဖြစ်ဖို့လိုအပ်ပါတယ်၊ ယခုလက်ရှိမှာ တရားမဝင် ကူးသန်းရောင်းဝယ်မှုကြောင့် တရားဝင်ကူးသန်းရောင်းဝယ်မှု လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အခက်ကြုံနေကြရပါတယ်၊ ဒါကြောင့် Electronic Commerce ဆိုတာ တရားဝင်ကုန်သွယ်မှုဖြစ်တယ်၊ Online ပေါ်မှာပဲ ရောင်းတယ်၊ ဝယ်တယ်၊ ငွေပေးချေတယ်၊ စစ်ဆေးခံတယ်” လို့ မြန်မာနိုင်ငံ၊ ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင်ဦးအေးလွင်က နှစ်နိုင်ငံ Electronic Commerce ဖိုရမ်တွေ့ဆုံဆွေးနွေးချက်များကို ပြောကြားသည်။ တရားဝင်ကူးသန်း ရောင်းဝယ်ခြင်းထက် တရားမဝင်ကူးသန်း ရောင်းဝယ်ဖောင်းကားမှုသည် သက်သာပြီး ပိုမိုလွယ်ကူခြင်းကြောင့် တရားမဝင်ကူးသန်းရောင်းဝယ်မှုများ လျှော့ချနိုင်ရန်အတွက် တရားဥပဒေစိုးမိုးမှုလိုအပ်နေကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းရှင်များ တရားဝင်ကူးသန်း ရောင်းဝယ်ခြင်း၊ အခွန်ဆောင်ခြင်း၊ အကောက်ခွန်များ စစ်ဆေးရာတွင် ပိုမိုလွယ်ကူရန်၊ အသေး၊ အလတ် ပြည်တွင်းစက်မှုဇုန်များတွင် ကုန်ပစ္စည်းများထုတ်လုပ်ရာ၌ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန်၊ အလုပ်အကိုင်ရှားပါးမှုများ မဖြစ်လာစေရန်၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာရန်၊ လုံခြုံရေး၊ သတင်းအချက်အလက်များ ပိုမိုလျှင်မြန်လာရန်နှင့် တရားဝင်စီးပွားရေးများ ပိုမိုများပြားလာလျှင် လုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။

 

ဆက်လက်ပြီး (၁၈)ကြိမ်မြောက် မြန်မာ-တရုတ် ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံပွဲ၊ ကုန်သွယ်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်အတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတွေ့ဆုံ ဆွေးနွေးပွဲနှင့် မြန်မာ-တရုတ်ကုန်သည်ကြီးများတွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။

 

မြန်မာ-တရုတ်ကုန်စည်ပြပွဲကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်‌ရေးသည် နှစ်စဉ်နှစ်တိုင်း ပိုမိုတိုးတက်လာပြီး ဈေးကွက်အသစ်များ ထပ်မံပေါ်ပေါက်လာသည်။ နယ်စပ်ဒေသမှ မြန်မာ-တရုတ်ကုန်သွယ်မှုသည် (၅၀)ရာခိုင်နှုန်းထက်ကျော်လွန်ပြီး ဒေသအတွင်း ထွက်ရှိသည့် ကုန်ပစ္စည်းများကို ပြသနိုင်ခြင်းကြောင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းများလည်း ပိုမိုတိုးတက် လာမည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တစ်နှစ်(၁)ကြိမ်နှစ်စဉ်ကျင်းပလျက်ရှိပြီး မူဆယ်မြို့နှင့် ဂျယ်ဂေါင်-ရွှေလီမြို့တို့တွင် တစ်လှည့်စီကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ယခုပြုလုပ်ကျင်းပသည့် ကုန်စည်ပြပွဲကို(၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာ(၁၀)နေ့မှ (၁၆)ရက်နေ့အထိ (၆)ရက်ကြာ ပြုလုပ်ကျင်းပလျက်ရှိသည်။

 

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)