မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း

articles_advs

မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် အဆွေတော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး၏ ပထမဆုံး ပြည်ပခရီးစဉ်သည် မြန်မာနိုင်ငံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန် ဆက်ဆံရေးမူဝါဒအပေါ် များစွာအလေးထားမှုနှင့် သဟဇာတဖြစ်မှုကို ပေါ်လွင်စေပါကြောင်း။

 

ထို့အပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို နှစ်ဖက်နိုင်ငံ့ခေါင်းဆောင်များက အတူတကွကျင်းပခွင့်ရခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အလွန်ထူးခြားသည့် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ခြင်းဖြစ်ပါကြောင်း။

 

လွန်ခဲ့သောအနှစ် (၄၀) ကစ၍ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံးခဲ့ပြီး ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာတွင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့် ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံတစ်အခုအဖြစ် ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနိုင်ငံတကာ အရေးကိစ္စများနှင့် ကမ္ဘာ့စီးပွားရေးတွင် အရေးပါသော နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ဝင့်ကြွားစွာ ရပ်တည်လျက်ရှိသည့်အပေါ် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်မိပါကြောင်း။

အဆွေတော်သမ္မကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရာပြည့်ပန်းတိုင်နှစ်ခု (The Two Centenary Goals) ရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း။

 

ယခုလိုအရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် မျှဝေခံစားနိုင်ရန်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအောင် တည်ဆောက်နိုင်ရန် သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ဦးဆောင်မှုနှင့် အကောင်အထည်ဖော်လျက်ရှိသည့်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကြီး၊ နိုင်ငံတော်ပြန်လည်ဆန်းသစ်ရေး (National Rejuvenation)၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ လူသားအားလုံးအတွက် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်နိုင်ရေး (Building a community with a shared future for mankind) တို့သည် ကမ္ဘာကြီးအတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုသစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။

 

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်ဇွန်လ၈ရက်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တစ်ဖြည်းဖြည်းချင်း ပိုမိုခိုင်မာ တိုးတက်လာစေလျက်ရှိခဲ့ပါကြောင်း၊ ယခုလိုတိုးတက်ခိုင်မာလာခဲ့ရာတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှစ်နိုင်ငံဆက်ဆံရေး အဆင့်ကနေပြီး ၂၀၁၁ ခုနှစ်မှာဆိုရင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုအဆွေတော်၏ ခရီးစဉ်တွင် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေပြီး မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် စတင်လမ်းဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

 

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆက်ဆံရေးတွင် တစ်ခြားနိုင်ငံများနှင့်မတူ ထူးခြားသည့် အချက်တစ်ချက်မှာ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ခြင်းဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ ကမ္ဘာတည်သရွေ့ အတူတကွ တည်ရှိနေမည်ဖြစ်သည်ကို အထူးပြောစရာမလိုပါကြောင်း။

 

မြန်မာပြည်တွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအစိုးရ အဆက်ဆက်က ထိန်းသိမ်းခဲ့ပြီး တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။

 

နှစ်နိုင်ငံအတူတကွ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုတိုးတက်လာသကဲ့သို့ ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်အပေါ် အားရကျေနပ်မိပါကြောင်း။

 

ယခုအဆွေတော်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကြီးတွင်ပါဝင်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း အပါအဝင် နှစ်နိုင်ငံအကြား အခြားလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နေပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

အနာဂတ်တွင် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကြီး၏ အောင်မြင်မှုများက ကျွန်မတို့နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် အပြုသဘောရလဒ်ကောင်းများကို ပိုမိုဖော်ဆောင်ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

အဆိုပါ စီမံကိန်းများအောင်မြင်ရေးအတွက် အဓိကသော့ချက်မှာ အပြန်အလှန်နားလည်မှု၊ လေးစားမှုကို အခြေခံပြီး ကောင်းမွန်သည့် ပြည်သူချင်းထိတွေ့ဆက်ဆံရေးနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေး ဖြစ်ပါကြောင်း။

ထို့ပြင် ယင်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးစီမံကိန်းများနှင့် ကိုက်ညီမှုရှိရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ပြည်သူများ၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်အထောက်အကူပြုရေးတို့အတွက် အထူးအလေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ယင်းသို့ပင်ခံယူထားမည်ဟု ယုံကြည်ပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်တစ်ခုနှင့် တစ်ခုချိတ်ဆက်နေခြင်းဖြစ်၍ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ပိုမိုအောင်မြင်ရန်အတွက် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရန်လည်း အထူးလိုအပ်ပါကြောင်း။

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအကူအညီများ ပေးအပ်လျက်ရှိသည့်အပေါ် များစွာတန်ဖိုးထားပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသည့် အသွင်ကူးပြောင်းရေးကာလတွင် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်းပီပီ နားလည်မှုရှိစွာဖြင့် အပြုသဘော ရပ်တည်ပေးလျက်ရှိသည့်အတွက် တရုတ်အစိုးရနှင့် ပြည်သူများကို မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ဟု ပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားတစ်ခုဖြစ်သော "တရုတ်တစ်နိုင်ငံတည်းမူဝါဒ"ကို အစဉ်တစ်စိုက် ဆက်လက်ထောက်ခံရပ်တည်သွားမည် ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။

ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ထွန်းကားရှင်သန်ရေးအတွက် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်သည်ကို မိမိအမြဲတမ်း ပြောကြားလေ့ရှိပါကြောင်း၊ ယခုလိုထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ရင်းနှီးမှုနှင့် နားလည်မှုများပိုမိုရရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူအချင်းချင်း နားလည်မှုရှိခြင်း၊ ချစ်ကြည်ရင်းနှီးမှုရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို များစွာအထောက်အကူ ဖြစ်စေသည့်အတွက် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန်လိုအပ်ပါကြောင်း။

 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ-တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှစ်အဖြစ် သတ်မှတ်ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံပြည်သူချင်းထိတွေ့မှုများ ပိုမိုတိုးတက် စေမည်ဖြစ်သည့်အတွက် အားရကျေနပ်ပါကြောင်း။

 

အဆွေတော်သမ္မတကြီး၏ ခရီးစဉ်သည်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့သည့် အရေးကြီးခရီးစဉ်တစ်ရပ်ဖြစ်သည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်သွယ်မှု တည်ထောင်သောနှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် အစီအစဉ်များကို တစ်နှစ်ပတ်လုံး အောင်မြင်စွာကျင်းပသွားနိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။

 

ယခု လိုကောင်းမြတ်သော အခါသမယတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးသည် သားစဉ်မြေးဆက်တိုင်အောင် အဓွန့်ရှည်ပါစေကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အောင်မြင်စွာအကောင် အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

(MDN)