မြန်မာ MMA ကစားသမား ထီရယ်လ်ထန်နှင့် အင်ဒိုနီးရှားကစားသမား ယှဉ်ပြိုင်ထိုးသတ်မည်

ရန်ကုန်၊ ၂ ဖေဖော်ဝါရီ

 

မြန်မာ MMA ကစားသမား ထီရယ်လ်ထန်သည် ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပမည့် Unbreakable III အမည်ရပြိုင်ပွဲ၌ ၎င်း၏တွဲဆိုင်းပါဝင်နေပြီး အင်ဒိုနီးရှားကစားသမားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

 

ONE Championship သည် ဖေဖော်ဝါရီ ၅ ရက်တွင် Unbreakable III အမည်ရပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းစုစုပေါင်း ခြောက်ပွဲ ပါဝင်မည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ်တွင် ONE Championship နှင့် စတင်လက်တွဲခဲ့ပြီး ယခုပြိုင်ပွဲမှာ တတိယမြောက် ထိုးသတ်သည့်ပွဲလည်းဖြစ်သည်။ ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားကစားသမား ဆာရော့သ်၊ တောင်ကိုရီးယားကစားသမား ကင်မ်တို့နှင့် ထိုးသတ်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ ထီရယ်လ်ထန်သည် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲများထိုးသတ်ရခြင်းမရှိဘဲ ယခုနှစ်မှ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။ ထီရယ်လ်ထန်နှင့် ထိုးသတ်မည့် ပေါလ်လူမီဟီသည် MMA ပွဲ ၁၂ ပွဲမြောက် ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၁ ပွဲတွင် ခုနစ်ပွဲနိုင် လေးပွဲရှုံးနိမ့်ထားသည်။ ပေါလ်လူမီဟီသည် နောက်ဆုံးထိုးသတ်သည့် သုံးပွဲဆက်တိုက် အရေးနိမ့်ထားသည်။

 

ထီရယ်လ်ထန်နှင့် ပေါလ်လူမီဟီတို့ ထိုးသတ်မည့် Unbreakable III အမည်ရပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ၎င်းတို့ပွဲကို ပထမဆုံးပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- ONE Championship