မြန်မာ MMA ကစားသမား အောင်လအန်ဆန် ချန်ပီယံကာကွယ်ပွဲထိုးရန် စင်ကာပူသို့ ရောက်ရှိ

mdn

ရန်ကုန် ၂၃ အောက်တိုဘာ

 

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် အောက်တိုဘာ ၂၃ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာသည်။

 

အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲထိုးသတ်ရန် စင်ကာပူနိုင်ငံသို့ တစ်ပတ်ကြိုတင် ရောက်ရှိလာခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် အောက်တိုဘာ ၃၀ ရက်တွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လေးပွဲမြောက် ကာကွယ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့်နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့်တစ်ပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပထမဆုံးထိုးသတ်ရသည့် ပွဲလည်းဖြစ်ပြီး ယခင်က ဧပြီလတွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အောက်တိုဘာလကုန်မှသာ ထိုးသတ်ရခြင်းဖြစ်သည်။

 

Inside the Matrix ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ စင်ကာပူအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲနှစ်ပွဲအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးပွဲစဉ်တွင် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်

Photo> Aung La Nsang(Burmese Python) (Facebook)