မြန်မာ (ဗမာ) လူမျိုးအကြောင်း သိကောင်းစရာ

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

မြန်မာလူမျိုးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားတို့အနက် မြန်မာအစုဝင် လူမျိုးဖြစ်သည်။ မြန်မာအစုမှာ တိဗက်-တရုတ်ဘာသာ စကားအနွယ်ကြီး၏ အနွယ်တစ်ခုဖြစ်သော တိဗက်မြန်မာအနွယ်ဝင် လူမျိုးစုတစ်စုဖြစ်သည်။ မျိုးရိုးဗီဇအားဖြင့် မြန်မာအစုဝင်လူမျိုးတို့မှာ နက်မှောင်သွယ်ဖြောင့်သော ဆံပင်နှင့်ဝါသော (သို့မဟုတ်) ညိုသောအသား အရောင်ရှိသည့် မွန်ဂိုလွိုက်များဖြစ်ကြသည်။ မြန်မာနှင့် ပတ်သက်၍လည်း “မြန်မာအစ တကောင်းက”၊ “မြန်မာ အစ ကျောက်ဆည်က” ဟုဆိုရိုးစကားများလည်းရှိခဲ့သည့်အပြင် မြန်မာဟူသည် ပျူသား-ပျူမြေး-ပျူသွေးအစစ် ဖြစ်သည်ဟုလည်း ဆိုကြပြန်လေသည်။

 

ယဉ်ကျေးမှုအဆင့်မြင့်မား

 

မြန်မာအစုဝင် ဘာသာစကားနှင့် လွန်စွာနီးစပ်၍ အနွယ်တူသော ဘာသာစကားကို ပြောဆိုကြသည့် လူမျိုးစုတို့မှာ မြန်မာနိုင်ငံအတွင်းနေ သက်၊ ကရင်၊ နာဂ၊ ချင်း၊ ကချင်နှင့် လိုလိုလူမျိုးစုတို့ဖြစ်ပြီး မြန်မာနိုင်ငံ ပြင်ပတွင် အများစုနေထိုင်ကြသော တိဗက်နှင့် မစ်ရှမီ လူမျိုးစုများ၊ ဗိုဒိုနှင့် ဆီဖန် လူမျိုးစုတို့ဖြစ်ကြသည်။ ယဉ်ကျေးမှုအဆင့်မြင့်မားပြီး မြန်မာနိုင်ငံတွင် ထင်ရှား၍ ရှေးဦးလက်မွန်နိုင်ငံကို တည်ထောင်ခဲ့သော ပျူလူမျိုးများသည်လည်း မြန်မာတို့နှင့်လွန်စွာနီးစပ်သော လူမျိုး တစ်မျိုးဖြစ်ပေသည်။ ပျူလူမျိုးတို့သည် ယခုအခါတွင် ရောနှောပျောက်ကွယ်နေပြီဖြစ်သည်။ ။

 

မြန်မာဝေါဟာရ အခေါ်အဝေါ်ဖြစ်သော လူမျိုး တစ်ရာ့တစ်ပါးတွင် “သက်နှင့်ရခိုင်၊ နှိုင်းပြိုင်ဆောင်သူ၊ ပျူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ” ဟု မြန်မာ ခုနစ်မျိုးပါဝင်ကြောင်း အဆိုရှိခဲ့ပေသည်။ အမျိုးတူသည်ကိုလိုက်၍ မြန်မာလူမျိုးတို့ကိုခွဲခြားရာ၌ ခေတ်မြန်မာစကားကို ပြောဆိုနေကြသော အများစုဖြစ်သည့် မြန်မာများ၊ မြန်မာစကားပင် ဖြစ်သော်လည်း ခေတ်ဟောင်းဝေါဟာရများကို ဆက်လက်သုံးစွဲ၍ အသံအချို့တွင် ခေတ်မြန်မာစကားနှင့်မတူဘဲ ကွဲပြားခြားနားသည့် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများ နှင့် ရှေးအတိတ်ကာလမှ မြန်မာအစုဝင် အခြားလူမျိုး တို့နှင့် အတူတကွနေခဲ့ကြ၍ ရွှေ့ပြောင်းလာကြရာ လမ်းခရီးတွင်ဝေးလံစွာ ကျန်နေရစ်ခဲ့သော ရှေးဦး မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများဟူ၍ သုံးမျိုးသုံးစားရှိသည်။

 

ရှေးဦးမြန်မာစကားကို ပြောဆိုသူတို့မှာ မရူ၊ အဇီး သို့မဟုတ် ဇီး၊ လရှီ၊ အာချန်ခေါ် မိုင်းသာနှင့် ဖွန်းလူမျိုး များဖြစ်ကြသည်။ မရူတို့ကို ကချင်ပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း၊ ဇီးနှင့် လရှီတို့ကို ကချင်ပြည်နယ်အရှေ့ပိုင်း၊ မိုင်းသာတို့ကို ဗန်းမော်ခရိုင် အရှေ့မြောက်ပိုင်း၊ ဖွန်းတို့ကို မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ဆုံရာရှိ ကျောက်တွင်းခေါ် ဧရာဝတီမြစ်၏ ပထမ မြစ်ကျဉ်းတစ်လျှောက်တွင် အသီးသီးတွေ့ရသည်။ မရူ၊ ဇီး၊ လရှီနှင့်မိုင်းသာတို့သည် တရုတ်ပြည် ယူနန်နယ်အနောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ယူနန်နယ်အတွင်းထိ ပျံ့နှံ့နေထိုင်ကြပေသည်။

 

မြန်မာဟူသောအမည်နှင့်စပ်လျဉ်း၍ မြန်မာသည် ဗြုဟ္မာ၊ ဗြဟ္မာတို့မှ ပြောင်းလဲလာသော အမည်ဖြစ်သည်ဟု ဗြဟ္မာနှင့် မြန်မာကိုဆက်စပ်၍ ရှေးက ဝိဂြိုဟ်ပြုခဲ့ကြသည်။ ယခုအခါတွင် မြန်မာတို့သည် မိမိတို့ကိုယ်ကို ဗမာဟု ပြောဆိုခေါ်ဝေါ်နေကြပြီဖြစ်ပေသည်။ ရှေးကျလှသော မွန်-ခမာ အနွယ်ဝင် လူမျိုးများဖြစ်ကြသည့် ထနော့ (ဓနော) နှင့် ယင်းကျားလူမျိုးတို့က မြန်မာလူမျိုးကို “မွန်း” နှင့် “မရန်း”ဟု အသီးသီးခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံရှိ ရှမ်းများ၊ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ယွန်းရှမ်းများနှင့် ကချင်တို့က “မန်” ဟုလည်းကောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းသားတို့က “ဖမာ့” ဟုလည်းကောင်း ခေါ်ဆိုခဲ့ကြသည်။ တရုတ်တို့ကမူ “မျဲန်”ဟု ခေါ်ကြသည်။ ဤအခေါ်အဝေါ်ကို တရုတ်နိုင်ငံ ယွန် (မွန်ဂို) မင်းဆက်ရာဇဝင်ကျမ်းများနှင့် မှတ်တမ်းတို့တွင် စတင်တွေ့ရှိရသည်။ အေဒီ(၁၂၇၁) မတိုင်မီက သုံးစွဲခဲ့သည်ကို မတွေ့ရသေးချေ။

 

အစောဆုံးတွေ့ရှိရ

 

သက္ကရာဇ် ၅၅၂ ခုနှစ် (အေဒီ ၁၁၉၀) ပါ ရှေးဟောင်း မြန်မာကျောက်စာတစ်ခုတွင် မြန်မာဟူသော အသုံးကို အစောဆုံးတွေ့ရှိရပေသည်။ ထိုသက္ကရာဇ်ထက် အနှစ်(၉၀) ခန့်စောသော ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ ၁၁၀၂) တွင် မြန်မာကို “မိရမာ” ဟု ရေးထိုးထားသည်။ အေဒီ ၁၃၂၄ ရေးထိုးသော ရှေးမြန်မာကျောက်စာတွင် “မြံမာ” ဟု ရေးထိုးသည်ကို အစောဆုံး တွေ့ရသည်။ ထို့နောက် ကျောက်စာနှင့် မင်စာတို့တွင် မြန်မာ၊ မြံမာ (သို့မဟုတ်) မြမ္မာဟု ရေးထိုးလာကြသည်။

 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆင်စပ်နေသော အိမ်နီးချင်းနိုင်ငံတို့သို့လည်း မြန်မာအစုဝင်တို့သည် ပျံ့နှံ့ ရောက်ရှိနေကြပြီဖြစ်သည်။ အနောက်ဘက်တွင်ရှိသော ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း၏ စစ်တကောင်း တောင်တန်း ဒေသရှိ မောင်းတိုက်နယ်၊ ဗိုမောင်းတိုက်နယ်၊ စစ်တကောင်း ခရိုင်အတွင်းရှိ ရာမူး၊ ကော့ဗဇာ၊ ဗာရာဆဲဒေသ အဝကျွန်းတို့တွင် မြန်မာတို့သည် မြို့ပြကျေးရွာ တည်ထောင်နေထိုင် လျက်ရှိကြသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းသို့လည်း မြန်မာအချို့တို့ ပျံ့နှံ့ရောက်ရှိလျက် ရှိကြသည်။ ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာတို့အနက် အများစုမှာ မူရင်းယဉ်ကျေးမှု နှင့် ဘာသာစကားတို့ကို ထိန်းသိမ်းခဲ့ကြသော်လည်း အချို့မှာမူ ပတ်ဝန်းကျင် အခြေအနေ၏ လွှမ်းမိုးမှုတို့ကြောင့် ရောက်ရာဒေသ၏ ထုံးဓလေ့၊ ယဉ်ကျေးမှုနှင့်ဘာသာစကားတို့ကို တဖြည်းဖြည်း ခံယူလျက် ရှိကြပေသည်။

 

မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပဒေသတို့တွင် မြန်မာအစုဝင် ဘာသာစကားများကို ပြောဆိုသည့် လူမျိုးစုတို့ပျံ့နှံ့ နေပုံနှင့် ဒေသလိုက် လူဦးရေ အနည်းအများတို့ကို လေ့လာကြည့်ရှုခြင်းအားဖြင့် မြန်မာအစုဝင်တို့ ဝင်ရောက်လာကြပုံ၊ မြန်မာနိုင်ငံအတွင်း စတည်းချခဲ့ရာ အဓိကဒေသကြီးမှ တစ်ဆင့် ပျံ့နှံ့ခဲ့ပုံ စသည့် မြန်မာအစုဝင်တို့၏ ရွှေ့ပြောင်း နေထိုင်ခဲ့ကြပုံသမိုင်းကို ခန့်မှန်းချိန်ဆနိုင်ပေမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း၌ မြန်မာအစုဝင်တို့၏ အချက်အချာဒေသမှာ ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဖြစ်ပြီး ယင်းဒေသမှအနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ဒေသများသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ကြခြင်းကို သိရှိနိုင်ပေသည်။ အနောက်ဘက်သို့ ရွှေ့ပြောင်းသူတို့သည် ရခိုင်ပြည်နယ် ဘက်မှတစ်ဆင့် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ကာ အရှေ့ပါကစ္စတန် နိုင်ငံတွင်းသို့ ရောက်နေကြခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၊ ယောနယ်၊ အရှေ့ပါကစ္စတန်နိုင်ငံ၊ တနင်္သာရီတိုင်း၏ တောင်ဘက် အစွန်ဒေသတို့ကို ရောက်နေကြသော မြန်မာအစုဝင်တို့ကို ဗဟိုဒေသကြီးမှ ရွှေ့ပြောင်းရောက်နေ ကြသူများဟု ယူဆနိုင်ပေသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ ဓနုနှင့် တောင်ရိုး လူမျိုးများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မရူ၊ အဇီး၊ လရှီ၊ မိုင်းသာနှင့် ဖွန်းလူမျိုးများကိုမူ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ မရောက်ဘဲ နေရစ်ခဲ့သူများဟု ဆိုရမည်ဖြစ်သည်။ ထိုလူမျိုးစုတို့သည် မြန်မာနိုင်ငံတွင်းသို့ မြန်မာအစုဝင်တို့ ဝင်ရောက်ခဲ့စဉ်က လမ်းခရီးတွင် ကျန်နေရစ်ခဲ့သော ရှေးဟောင်းလူမျိုးစုများ ဖြစ်ကြောင်းကို ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ဘာသာစကားတို့က ထင်ရှားစွာ သက်သေထူလျက်ရှိပေသည်။ ထိုကဲ့သို့ နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပတို့သို့ ပျံ့နှံ့ရောက်ရှိနေကြေသော မြန်မာအစုဝင်တို့သည် မည်သည့်ဒေသမှ မည့်သည့်ကာလလောက်က ယခုဒေသများသို့ မည်သို့မည်ပုံ ရောက်ရှိခဲ့ကြသည် ဟူသော မြန်မာတို့၏ ရှေးဦးလက်မွန်ဖြစ်စဉ်သမိုင်းမှာ စိတ်ဝင်စားဖွယ်ကောင်းသော လေ့လာမှုတစ်ရပ်ဖြစ်ပေသည်။

 

မြန်မာလူမျိုးတို့သည် အရှေ့မြောက်ဘက် ယူနန်နယ်မှ ဝင်ရောက်လာသည်ဟူသော အဆိုတစ်ရပ်လည်း ရှိနေ ပေသေးသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တူးဖော်တွေ့ရှိရသော ကျောက်ခေတ်သစ်ဆိုင်ရာ ရှေးဟောင်း အထောက်အထား ပစ္စည်းများ၊ ရှေးခေတ်ဟောင်း တရုတ်ရာဇဝင် ကျမ်းများနှင့် မှတ်တမ်းများ၊ မြန်မာနိုင်ငံရှိ လူမျိုးစုတို့ပြောဆိုသော ဘာသာစကားများ၊ မြန်မာနိုင်ငံတွင် တွေ့ရသော ရှေးဟောင်းပစ္စည်းများနှင့် မြန်မာနိုင်ငံရှေးဟောင်း ကမ္ပည်းကျောက်စာများ စသည့် ခိုင်လုံသော အထောက်အထားများကို အခြေထားကာ နှိုင်းယှဉ်သုတေသန ပြုပြီးနောက် မြန်မာတို့၏မူလအစနှင့် ရွှေ့ပြောင်းနေထိုင်ခဲ့ပုံ အကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

 

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်

 

မြန်မာအစုဝင်တို့ အပါအဝင်ဖြစ်သော တိဗက်-မြန်မာ အနွယ်ဝင်တို့၏ ဒေသမှာ အရှေ့တိဗက်နှင့် တရုတ်လူမျိုး တို့၏ မူရင်းနေရာနှစ်ခုစပ်ကြားရှိ တရုတ်ပြည်မ၏ အနောက်မြောက်ဘက်နှင့် တိဗက်ပြည်၏ အရှေ့မြောက်ဘက်ရှိ ကန်စုနယ်၏ တောင်ပိုင်းဒေသ ဖြစ်ခဲ့ဟန် တူပေသည်။ မြန်မာအနွယ်ဝင်တို့၏ ရှေ့ပြေးလူမျိုးစု တစ်စုဖြစ်သော ပျူလူမျိုးတို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် နေကြပြီဖြစ်ကြောင်း ရှေးဟောင်းတရုတ်စာပေ အထောက်အထားများအရ သိရှိရပေသည်။ မြန်မာနိုင်ငံအတွင်းသို့ ပျူတို့ဝင်ရောက်ချိန်တွင် သက်၊ ကဒူးနှင့် ချင်းလူမျိုးတို့သည် ရောက်နှင့်ကြပြီဟု ယူဆရပေသည်။ ကန်စုနယ်ဘက်မှရွှေ့ ပြောင်းလာခဲ့ကြစဉ်သက်၊ ကဒူးနှင့် ချင်းလူမျိုးတို့သည် တိဗက်ပြည်နှင့်နီးကပ်စွာ အနောက်ဘက်ကြောင်းမှ ရွှေ့ပြောင်းကြ၍ မြန်မာနိုင်ငံအနောက်မြောက် အာသံပြည်ဘက်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ရှေးမြန်မာတို့မှာမူ တရုတ်ပြည်နှင့်နီးကပ်စွာ အရှေဘက်ကြောင်းမှ တောင်ဘက်သို့ ရွှေ့ပြောင်းလာခဲ့၍ မြန်မာနိုင်ငံ အရှေ့မြောက်ဘက် ယူနန်နယ်ဘက်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ။

 

ယူနန်နယ်အနောက်ပိုင်း နန်ကျောင် (နန်ချောင်) ပြည်သို့ရောက်နေစဉ် အေဒီ၇မှ၉ ရာစုနှစ် အထိဖြစ်သော ရှေးမြန်မာတို့၏အကြောင်းကို ခေတ်ပြိုင်တရုတ် အထောက်အထားတို့မှ အတော်အတန်သိရှိရပေသည်။ အေဒီ ၇ ရာစုနှစ်တွင် တန်ခိုးကြီးလာသော တရုတ်ပြည် ထန်အင်ပါယာနှင့် တစ်ပြိုင်နက်တည်း အင်အားကြီးလာသော တိဗက်နိုင်ငံတို့ အပြိုင်အဆိုင် ဖြစ်ပွားခဲ့သော စစ်မှုရေးရာများသည် ရှေးမြန်မာတို့၏ ရွှေ့ပြောင်းမှုကို ပိုမိုလျင်မြန်စေခဲ့သည်။ ထိုအတွင်း ယူနန်နယ် အနောက်ပိုင်းတွင် နယ်များကိုစုပေါင်း၍ နန်ကျောင်(နန်ချောင်) ပြည်ထောင်စုဟူသော နိုင်ငံသည် ပေါ်ပေါက်လာခဲ့သည်။ ယခင်ကတိဗက်နှင့် တရုတ်သာ ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခု နန်ကျောင်ပါဝင်လာသဖြင့် တန်ခိုးအင်အားပြမှုမှာ သုံးပွင့်ဆိုင် ဖြစ်လာခဲ့သည်။ ဤသုံးပွင့်ဆိုင် တိုက်ခိုက် ယှဉ်ပြိုင်မှုကြားမှ ရှေးမြန်မာတို့သည် ဖြတ်သန်းပြောင်းရွှေ့ သွားလာကြပြီး နေထိုင်ခဲ့ကြရသည်။ ယှဉ်ပြိုင်မှုတို့တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲခဲ့ရသည်လည်း ရှိခဲ့ကြသည်။

 

ပျံ့နှံ့လျက်ရှိ

 

နန်ကျောင်နယ်တွင် ရောက်ရှိနေသော ရှေးမြန်မာတို့သည် မြန်မာဟု မတွင်သေးဘဲ လူမျိုးစုတစ်ခု၏ အမည်ကို ၎င်းလူမျိုးအား အုပ်စိုးသူကို ခေါ်ဝေါ်သည့်ဝေါဟာရအတိုင်း တရုတ်တို့က ခေါ်ခဲ့ကြခြင်းဖြစ်ရာ ရှေးမြန်မာ လူမျိုးစုတို့သည် မိမိတို့ကို အုပ်စိုးသူကိုခေါ်သည့် ဝေါဟာရဖြင့် အမည်တွင်ခဲ့ကြပေသည်။ ရှေးမြန်မာ လူမျိုးစုတို့သည် အေဒီ၈ရာစုနှစ်အစလောက်ကတည်းက နန်ကျောင်ပြည်တွင်းတွင် ထင်ထင်ရှားရှား ရှိနေကြပြီဖြစ်ကြောင်းကို လေ့လာသိရှိရသည်။ မြန်မာတို့ဝင်ရောက်စ အချိန်က မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ပျူလူမျိုးတို့၏ နိုင်ငံရှိ၍ မြန်မာနိုင်ငံတောင်ပိုင်းတွင် မွန်တို့၏နိုင်ငံ ရှိနေပေသည်။ ထိုပျူနှင့် မွန်တို့အပြင် သက်များ (ဧရာဝတီအလယ်ပိုင်း)၊ ပလောင်များ (ဧရာဝတီ နှင့် ချင်းတွင်းမြစ်ဆုံရာဒေသနှင့် မင်းဘူးခရိုင်)၊ လဝများ (ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရာဝတီမြစ်အနောက်ဘက်)၊ စကောကရင်များ(ယခုကယားပြည်နယ် အခြေမှ မင်းဘူးခရိုင်အထိ) စသော မွန်-ခမာနှင့် တိဗက်-မြန်မာ အနွယ်ဝင်တို့သည် ဧရာဝတီမြစ်ဝှမ်း မြေပြန့်တွင် အရောရောအထွေးထွေး ပျံ့နှံ့လျက်ရှိခဲ့ကြပေသည်။ ပျူနှင့် မွန်နိုင်ငံတို့သည် စုစုစည်းစည်းရှိ၍ အင်အားတောင့်တင်းသော နိုင်ငံများ မဟုတ်တော့ပေ။ ရှေးမြန်မာတို့ အလုံးအရင်းနှင့် ဝင်ရောက်လာစ အချိန်ဖြစ်သော အေဒီ ၉ ရာစုလောက်တွင် ထိုနှစ်နိုင်ငံ၏ အင်အားသည် ယိမ်းယိုင်လာစပြုနေပြီဟု ဆိုရပေမည်။ ။

 

ထိုသို့မြန်မာလူမျိုးတို့၏နောက်ကြောင်းရာဇဝင်ကို လေ့လာရာ၌ တိဗက်-မြန်မာ အနွယ်ဝင်ဖြစ်သော အခြား လူမျိုးတို့၏ နောက်ကြောင်း ရာဇဝင်တို့နှင့်လည်း တိုက်ဆိုင် ညှိနှိုင်းချိန်ထိုးကြည့်သင့်သည့်အပြင် တကောင်းသည် ပျူတို့၏ (သို့မဟုတ်) ပျူနှင့် မြန်မာတို့၏ ရှေးဦးစွာ အခြေစိုက်ခဲ့ရာ ဒေသဌာနကြီး ဖြစ်နိုင်ပေတော့သည်။ ရှေးမြန်မာတို့သည် ကျောက်ဆည်ခရိုင်၏ အရှေ့တောင်ထောင့်ရှိ နတ်ထိပ် တောင်ကြားလမ်းအတိုင်း မြင်းတပ်များဖြင့် ကျောက်ဆည်ခရိုင်ကို လျင်မြန်စွာ ဝင်ရောက်သိမ်းပိုက် ခဲ့ဟန်တူပေသည်ဟု G.H.Luce က ကောက်ချက်ချခဲ့ပေသည်။ ထိုအချက်ကို မြန်မာပညာရှင် ဆရာကြီး ဦးဖိုးလတ် က “မြန်မာအစ တကောင်းက” ဟု ပြန်လည်တင်ပြချေပခဲ့ပေသည်။

 

(ဆက်လက်ဖော်ပြပါမည်)