MNL ပွဲစဉ် (၃) ပထမနေ့တွင် အိမ်ရှင် အသင်း ၃ သင်းစလုံး အရေးနိမ့်

၂၅ ဇန်နဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အိမ်ကွင်းလက်ခံကစားရသည့် စစ်ကိုင်း၊ ချင်းယူနိုက်တက်နှင့် Southern အသင်း သုံးသင်းစလုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။         

 

5

    

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ချင်းယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နည်းပြဦးမျိုးမင်းထွန်း လက်ထက်တွင် ပုံစံကောင်းရနေသည့် ဟံသာဝတီအသင်းသည် ယခုရာသီ ပထမဆုံး အဝေးကွင်းပွဲတွင် တန်းတက်ချင်းယူနိုက်တက်ကို အနိုင်ယူပြီး သုံးပွဲဆက် အနိုင်ရခဲ့သည်။ ချင်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၂) တွင် နိုင်ပွဲရခဲ့သော်လည်း ယခုတစ်ပတ်ပွဲတွင်မူ ပုံစံကောင်း ပြသနိုင်ခြင်းမရှိဘဲ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။

 

ဟံသာဝတီအသင်းတွင် အဓိကကွင်းလယ်ကစားသမား လားဒင်မောရ ပြန်ပါလာပြီး နိုင်ငံခြားသား ကစားသမားသုံးဦး အပါအဝင် လူစုံအသုံးပြုခဲ့သည်။ ချင်းယူနိုက်တက်အသင်းမှာလည်း နိုင်ငံခြားသား ကစားသမားများအပါအဝင် နေဝင်းအောင်၊ ချစ်စုမိုး၊ နန္ဒလင်းကျော်ချစ်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားရာ ချင်းယူနိုက်တက်အသင်း ကစားကွက် တည်မရဖြစ်သွားပြီး ပထမပိုင်းမှာပင် နှစ်ဂိုးခွင့်ပြုခဲ့ရသည်။ နိုင်ငံခြားသား တိုက်စစ်အတွဲဖြစ်သည့် ဒိုနယ်နှင့် အီမီကာတို့ အတွဲမိခဲ့သောကြောင့် ဟံသာဝတီ တိုက်စစ်ပိုကောင်းခဲ့ပြီး ၁၇ မိနစ်တွင် ဒိုနယ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အီမီကာက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ဟံသာဝတီအသင်းကသာ ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့ပြီး ၂၉ မိနစ်တွင် ဒိုနယ်က ဒုတိယဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ချင်းယူနိုက်တက်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း ဟံသာဝတီအသင်းကသာ ဂိုးသွင်းခွင့်များပိုရခဲ့ပြီး အဆုံးသတ်အားနည်းခဲ့၍ တစ်ဂိုးသာထပ်ရခဲ့သည်။ ဟံသာဝတီအသင်းအတွက် တတိယဂိုးကို ၇၃ မိနစ်တွင် နန်းဝေမင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ၇၈ မိနစ်တွင် ကျော်မင်းသန်းက ချင်းယူနိုက်တက်က ချေပဂိုးပြန်သွင်းခဲ့သော်လည်း ဟံသာဝတီအသင်းက ပွဲအပြီးထိ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။

 

4

 

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်ပွဲတွင် ဟံသာဝတီကို အဝေးကွင်း၌ အရေးနိမ့်ပြီး ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ အမှတ်ပြည့် ရယူနိုင်ခဲ့သည်။ စစ်ကိုင်းအသင်းသည် အိမ်ကွင်း၌ ခြေအသာရခဲ့ပြီး ဦးဆောင်ဂိုးရခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ ယခုရာသီ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ၆၂ မိနစ်တွင် ပက်ထရစ်က စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ၇၃ မိနစ်တွင် ဆက်ဖြိုးဝေက ရှမ်းယူနိုက်တက်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးရပြီး ငါးမိနစ်အကြာတွင် ရှမ်းယူနိုက်တက်အသင်း အနိုင်ဂိုးရခဲ့ပြီး ရန်နိုင်ဦးက အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။

 

မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက Southern အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းသည် အိမ်ကွင်းသုံးပွဲဆက် ကစားရသော်လည်း သုံးပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိဘဲ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ ၃၃ မိနစ်တွင် အောင်မြတ်သူက Southern အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း မကွေးအသင်းအတွက် ၃၉ မိနစ်တွင် ပြည်မိုးက ချေပဂိုးနှင့် ၅၅ မိနစ်တွင် ဝေယံထွန်းက အနိုင်ဂိုးသွင်းယူခဲ့သည်။

 

ပွဲစဉ် (၃) ဒုတိယနေ့ကို ဇန်နဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်