MNL ကလပ်အသင်းများ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစား

၁၄ ဒီဇင်ဘာ

 

၂၀၂၀ ရာသီအတွက် လေ့ကျင့်ပြင်ဆင်နေသည့် MNL ကလပ်အသင်းများသည် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

 

ခြေစမ်းပွဲများတွင် MNL အသင်းအများစု ယှဉ်ပြိုင်ကစားခဲ့ပြီး ဧရာဝတီအသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Southern အသင်းက ချင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်အသင်းက မကွေးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး  ဟံသာဝတီအသင်းနှင့်  ရခိုင်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ MNL ကလပ်အသင်းများသည် ဇန်နဝါရီတွင် စတင်မည့် MNL ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုလအတွင်း ခြေစမ်းပွဲများ ဆက်တိုက်ကစားလျက်ရှိသည်။

 

ဧရာဝတီအသင်းသည် ပထမဆုံးခြေစမ်းပွဲတွင် ရတနာပုံအသင်းကို အနိုင်ကစားခဲ့ပြီး ၃၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အသစ်ခေါ်ယူထားသည့် သန်းထက်အောင်နှင့် ၇၅ မိနစ်တွင် ကျော်ဇင်လွင်တို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် အမာခံကစားသမားအချို့ ထွက်ခွာသွားသော်လည်း ကျန်ရှိသည့် ကစားသမားများဖြင့် ပြင်ဆင်လျက်ရှိပြီး နှစ်သင်းစလုံးတွင် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ ကစားသမားများ ပါဝင်လာခြင်းမရှိခဲ့ပေ။ Southern အသင်းမှာမူ MNL တန်းတက် ကလပ် ချင်းယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားရာ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။

 

Southern အသင်းအတွက် အနိုင်ဂိုးများကို ၅၄ မိနစ်တွင် အောင်မြတ်သူနှင့် မိနစ် ၉၀ တွင် ရန်ကျော်ထွေးတို့က သွင်းယူခဲ့သည်။ နာမည်ကြီးရန်ကုန်အသင်းမှာမူ ခြေစမ်းပွဲများတွင် နိုင်ပွဲဆက်နေပြီး မကွေးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဘာဖိုက နှစ်ဂိုး၊ အောင်ကျော်နိုင်က တစ်ဂိုးသွင်းယူပြီး ကျန်တစ်ဂိုးမှာ မကွေးနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းအတွက် ချေပဂိုးတစ်ဂိုးကို အောင်မြင့်ထွန်းက သွင်းယူခဲ့သည်။

 

ညနေပိုင်းကစားသည့်ခြေစမ်းပွဲတွင် ဟံသာဝတီနှင့် ရခိုင်အသင်းတို့ သရေကျခဲ့သည်။ ဟံသာဝတီ အသင်းသည် နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဂိုးများပြန်ပေးလိုက်ရသောကြောင့်  သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအတွက် ဂိုးများကို မျိုးဇော်ဦးနှင့် အောင်မျိုးသူရတို့က သွင်းယူခဲ့ပြီး ရခိုင်အသင်းအတွက် ဂိုးများကို အောင်သက်ထွန်းနှင့် ကျန်တစ်ဂိုးမှာ ဟံသာဝတီအသင်း ကိုယ့်ဂိုးကိုယ်မိခဲ့ခြင်းဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း