MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အမာခံကစားသမားများအား သက်တမ်းတိုး

၂၁  ဇန်နဝါရီ

 

MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီမတိုင်မီ အမာခံကစားသမားများအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ ရာသီကုန်တွင် စာချုပ်ကုန်ဆုံးခဲ့သူများအနက် အချို့အား ထွက်ခွာခွင့်ပြုခဲ့ပြီး အမာခံကစားသမားများကို ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားများဖြစ်သည့် နောက်ခံလူ နန္ဒကျော်နှင့် ဟိန်းဖြိုးဝင်း၊ ဂိုးသမား မျိုးမင်းလတ်တို့ကို နှစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား မက်ဆီမင်ကိုမူ တစ်ရာသီသက်တမ်းတိုးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ကျန်ရှိသည့်ကစားသမားများကိုလည်း သက်တမ်းတိုးရန် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပြည်တွင်းကစားသမားလေးဦး၊ ပြည်ပကစားသမားတစ်ဦး ခေါ်ယူထားပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားများအဖြစ် ဧရာဝတီအသင်းမှ သီဟဇော်၊ ကျော်ဇင်လွင်၊ မကွေးအသင်းမှ စိုးလွင်လွင်၊ ရန်ကုန်အသင်းမှ သန်းပိုင်၊ နိုင်ငံခြားသားကစားသမားအဖြစ် ဧရာဝတီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဆာဆက်တို့ကို ခေါ်ယူထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်