MNL အပါအဝင် ပြည်တွင်းဘောလုံးပွဲအားလုံး ရပ်နားကြောင်း ထုတ်ပြန်

ရန်ကုန် ၂၄ မတ်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် COVID-19 ရောဂါကြောင့် MNL အပါအဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲအားလုံးကို ရပ်နားကြောင်း မတ် ၂၄ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။

 

မတ် ၂၃ ရက်ညပိုင်းတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ နှစ်ဦးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သောကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကလပ်အသင်းတာဝန်ရှိသူများနှင့် မတ် ၂၄ ရက် နံနက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် ပွဲစဉ်များ ရပ်နားကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့ကို မတ် ၂၄ ရက်မှစတင်ကာ ရပ်နားကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲများစတင်မည့်ရက်ကို သတ်မှတ်ထားခြင်းမရှိဘဲ နိုင်ငံတော်အစိုးရ၏ အသိပေးလမ်းညွှန်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထုတ်ပြန်မှုများအပေါ် မူတည်ပြီး ပြိုင်ပွဲများပြန်လည်စတင်မည့်ရက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။


 
ပြိုင်ပွဲများအနက် MNL စီနီယာလိဂ်ပြိုင်ပွဲ၊  MNL ယူ-၂၁ လိဂ်ပြိုင်ပွဲနှင့်  MNL ယူ-၁၉ လိဂ်ပြိုင်ပွဲတို့မှာ ကျင်းပနေဆဲကာလအတွင်း ရပ်နားခဲ့ရခြင်းဖြစ်ပြီး MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ ပထမအကျော့ပြီးဆုံး၍ ခေတ္တရပ်နားထားသလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုလည်း ဧပြီ ၈ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ ပြည်တွင်းလိဂ်ပွဲစဉ်များမှာ မေလလယ်နောက်ပိုင်းမှသာ အစောဆုံးကျင်းပနိုင်ဖွယ်ရှိပြီး ရောဂါအခြေအနေအပေါ် မူတည်၍ ကျင်းပမည့်ရက် ပြောင်းလဲနိုင်ဖွယ်ရှိနေသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် COVID-19 ရောဂါအခြေအနေကြောင့် MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့လက်ကျန်ပွဲများကို မတ်လအတွင်း အပြီးကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း မတ် ၂၃ ရက်က ကစားသည့် ပွဲစဉ် (၁၀) ပထမနေ့အပြီးမှာပင် ရပ်နားခဲ့ရခြင်းဖြစ်သည်။ မတ် ၂၃ ရက်က ကစားသည့်ပွဲများတွင် ဟံသာဝတီအသင်းက ဇွဲကပင်အသင်းကို လေးဂိုး-နှစ်ဂိုး၊ စစ်ကိုင်းအသင်းက ချင်းယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဟံသာဝတီအသင်းသည် ၁၀ ပွဲကစား ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ပထမအကျော့ပြီးဆုံးရန် ပွဲစဉ် (၁၀) မှ လေးပွဲ၊ ပွဲစဉ် (၁၁) မှ ခြောက်ပွဲ၊ စုစုပေါင်း ၁၀ ကျင်းပရန် ကျန်ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်