MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ဇူလိုင် ၂၀ ရက် စတင်ရန်စီစဉ်

ရန်ကုန်  ၁၅  ဇွန်


မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၂၀ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် ပြန်လည်ကျင်းပမည့်ပြိုင်ပွဲများအနက် MNL-2 ပြိုင်ပွဲလည်း ပါဝင်ပြီး ပထမအကျော့အပြီးတွင် ရပ်နားထားသောကြောင့် ဒုတိယအကျော့ပွဲစဉ်များကိုသာ ဆက်လက်ကျင်းပရ မည်ဖြစ်သည်။

 

ဒုတိယအကျော့ပွဲစဉ်အဖြစ် ပွဲပေါင်း ၂၈ ပွဲ ကျင်းပရမည်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဒုတိယအကျော့ပွဲစဉ်များကို ပဒုမ္မာ၊ စလင်းနှင့် တောင်ဒဂုံကွင်းတို့၌ ကျင်းပမည်ဖြစ်ပြီး ဇူလိုင်လတွင် သုံးပွဲ၊ သြဂုတ်တွင် လေးပွဲကစားရမည်ဖြစ်သည်။

 

ပထမအကျော့အပြီး အနေအထားအရ ချန်ပီယံဆုအတွက် Junior Lions အသင်း၊ Chinland အသင်းနှင့် မြဝတီအသင်းတို့ အပြိုင်ဖြစ်နေပြီး ယင်းသုံးသင်း ထိပ်တိုက်တွေ့ဆုံသည့်ပွဲများမှာ အဆုံးအဖြတ်ဖြစ်လာဖွယ် ရှိနေသည်။

 

ဒုတိယအကျော့အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ဇူလိုင် ၂၀၊ ၂၁ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရာသီဝက်ချန်ပီယံ Junior Lions အသင်းသည် ကချင်ယူနိုက်တက်အသင်းနှင့် အဖွင့်ပွဲ ကစားရမည်ဖြစ်သည်။

 

ပထမအကျော့အပြီးတွင် Junior Lions အသင်း၊ Chinland အသင်းနှင့် မြဝတီအသင်းတို့မှာ ၁၈ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် Junior Lions အသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေကာ Chinland အသင်းက ဒုတိယ၊ မြဝတီအသင်းက တတိယနေရာတွင် ရပ်တည်နေသည်။

 

ယင်းအသင်းများ၏နောက်တွင် တက္ကသိုလ်အသင်းက ၁၀ မှတ်၊ မောရဝတီအသင်းက ကိုးမှတ်၊ ငွေကြယ်ပွင့် အသင်းက ငါးမှတ်၊ ကချင်ယူနိုက်တက်အသင်း လေးမှတ်ရထားပြီး ယောမြေအသင်းက ခုနစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

 

သတင်း-ညီမြတ်သော်တာ