မင်းတပ်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း ၁၁၉ ဦးအား Mobile Tablet များ ထောက်ပံ့ပေးအပ်

မင်းတပ် ၅  ဇူလိုင်

မင်းတပ်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနခန်းမ၌ အခြေခံကျန်းမာရေးဝန်ထမ်းများအား Mobile Tablet များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ကကျင်းပရာ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့် မင်းတပ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းတို့က မင်းတပ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့်  အခြေခံကျန်းမာရေးဝန်ထမ်း ၁၁၉ ဦးအား Mobile Tablet များ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

 

ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ကျန်းမာရေးဆိုင်ရာသတင်းများ အချိန်မီပေးပို့နိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားနိုင်ရန်ရည်ရွယ်၍ Mobile Tablet များ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ ဒေါက်တာအောင်ငွေစံက   ပြောကြားသည်။

 

မင်းတပ်မြို့နယ် ဟုန်းသာကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် PHS-2 ဦးအောင်ဇော်ငြိမ်း က " ကျွန်တော်တို့ အခြေခံကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေမှာ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးနိုင်ဖို့ စာရွက်စာတမ်းတွေကို သယ်ယူရတာအခက်အခဲ တစ်ခုဖြစ်တယ်၊ အခုလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ အပြည့်စုံပါတဲ့ Mobile Tablet တွေ ထောက်ပံ့ပေးတဲ့ အတွက် ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူအများကြီးဖြစ်စေတယ်" ဟုပြောကြားသည်။

ဆလိုင်းအောင်(ပြန်/ဆက်)