မင်းတပ်ခရိုင်ရှိမြို့နယ်များတွင် စပါးအပါအဝင် သီးနှံစုံစိုက်ခင်းများ၌ စပါးဖျက်ပိုး(ဖြုတ်ညို) ကျရောက်လျက်ရှိ

မင်းတပ် ၁၃ ဩဂုတ်

 

မင်းတပ်ခရိုင်မြို့နယ်များတွင် စပါးအပါအဝင် သီးနှံစုံစိုက်ခင်းများတွင် စပါးဖျက်ပိုး (ဖြုတ်ညို-Brown Plant Hopper BPH) ကျရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

 

အဆိုပါ စပါးဖျက်ပိုး (ဖြုတ်ညို-Brown Plant Hopper BPH) မှာ မင်းတပ်ခရိုင် မကွီအိမ်နူးမြို့၊ မင်းတပ်မြို့နယ် မဒါးအိမ်နူးကျေးရွာ၊ မတူပီမြို့နယ် ကျေးရွာအုပ်စု(၈)အုပ်စုမှ ဖနိုင်းကျေးရွာ၊ ဝေတူးကျေးရွာ၊ ထီစောင်းကျေးရွာ၊ စောင်ထီးယားကျေးရွာ၊ လွီပန်းကျေးရွာ၊ အန်တောကျေးရွာ၊ ထန်ပိန်းကျေးရွာ၊ ကလားကျေးရွာနှင့် ဟာတူးကျေးရွာရှိ စပါးအပါအဝင် သီးနှံစိုက်ခင်းများတွင် ကျရောက်လျက်ရှိသောကြောင့် မတူပီမြို့နယ်အတွင်း ရောဂါကျ/ပိုးကျအုပ်စုကျေးရွာများသို့ သြဂုတ်လဆန်းပိုင်းက မင်းတပ်ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ၊ မတူပီမြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးကွင်းဝန်ထမ်းများမှ မတူပီမြို့နယ်၊ တန်ကွင်း(ဖနိုင်ကျေးရွာ) စပါးစိုက်ဧရိယာသို့ သွားရောက်ကာ စပါးဖျက်ပိုး (ဖြုတ်ညို- Brown Plant Hopper BPH) ကျရောက်ဖျက်ဆီးမှု ကာကွယ်နှိမ်နင်းရေး နည်းစနစ်များ (သဘာဝပိုးသတ်ဆေး ဖော်စပ်ကာကွယ်နည်း)ကို ပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

 

ထို့အပြင် ၂၀၂ဝ ပြည့်နှစ်၊ သြဂုတ်လ(၁၃)ရက်နေ့က မင်းတပ်ခရိုင်အတွင်း မကွီအိမ်နူးမြို့နှင့် မဒါးအိမ်နူးကျေးရွာမှ တောင်သူများက ၎င်းတို့၏ စပါးအပါအဝင် သီးနှံစုံစိုက်ခင်းများတွင် စပါးဖျက်ပိုး (ဖြုတ်ညို)ကျရောက်လျက်ရှိကြောင်း အသိပေးလာသဖြင့် သဘာဝပိုးသတ်ဆေး ဖော်စပ်ကာကွယ်နည်းများကို အသုံးပြုကာကွယ်ကြရန် လမ်းညွှန်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း မင်းတပ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ သိရှိရသည်။

 

#MRTV