မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

မင်းတပ် ၂  ဧပြီ 

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းကို မင်းတပ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်၍ ယနေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မင်းတပ်မြို့နယ်အတွင်းသို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာ တွေ့ရှိပါက သီးခြားကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားသည့် အခန်းများကိုလည်း ပိုးသတ်ဆေး ဖျန်းခဲ့ကြသည်။ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူး ဒေါက်တာ ဇော်ဝင်နိုင် က “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို အရှိန်ဟုန်မပြတ် ဆောင်ရွက်တဲ့အပြင် လူအများ ဝင်ထွက်သွားလာတဲ့ နေရာတွေဖြစ်တဲ့ မြို့မစျေး၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆေးရုံအဆောက်အဦတွေမှ ပိုးသတ်ဆေးဖျန်းနေပါတယ်၊ မင်းတပ်မြို့နယ်အတွင်းမှာ နိုင်ငံရပ်ခြားကပြန်လာသူ (၉၉) ဦးရှိပေမယ့် အများစုက စောင့်ကြည့်ကာလ (၁၄) ရက်ပြည့်ပြီးပါပြီ၊ ဧပြီလ (၈) ရက်နေ့ကျရင်တော့ နိုင်ငံခြားက ပြန်လာသူအားလုံးက စောင့်ကြည့်ကာလ (၁၄) ရက်ပြည့်မှာပါ၊ သံသယလူနာတွေ့ရှိခြင်း မရှိပါဘူး” ဟုပြောကြားသည်။

 

မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အများပြည်သူ ဝင်ထွက်သွားလာသည့် နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းအောင် (ပြန်/ဆက်)