မြင်းမူမြို့တွင် ဒေသထွက်ဝါများအား ပုံမှန်ဝယ်ယူလျက်ရှိပြီး ဈေးအနည်းငယ်မြင့်တက်လျက်ရှိ

မြင်းမူ   နိုဝင်ဘာ   ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး  မြင်းမူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက(၁၉၅၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး   ယမန်နှစ်ထက် ဝါမျိုးစုံ (၁၅)ဧက ပိုမိုစိုက်ပျိုး နိုင်ခဲ့ကာ ယခုအခါ ဝါများကောက်ယူရရှိပြီး    ရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

 

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်း သောက်ဝါ တစ်ဧကလျှင် ဝါ ပိဿာချိန်(၆၀၀)ခန့်နှင့်  ဖြည့်စွက်ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက  ဝါပိဿာချိန်(၈၀၀)ခန့် ထွက်ရှိနိုင်ကာ  စက်တင်ဘာလမှစ၍ ဝါများကောက်ယူ ရောင်းချရကြောင်း သိရသည်။

 

ယခင်လများက ကောက်ယူရောင်းချချိန်တွင်  မိုးတွင်းရာသီဖြစ်သည့်အတွက် အစိုဓာတ် ပါဝင် မှုများကြောင့်    ဝါအရည်အသွေးမပြည့်မီသည့်အတွက်  ဝါ တစ်ပိဿာလျှင် ငွေကျပ်(၁၀၀၀)

ဈေးသာရောင်းချရသော်လည်း ယခု မိုးလွတ်ရာသီတွင် ဝါ တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀) ဈေးရရှိနေကြောင်းနှင့်    ယခင်နှစ်တွင် ဝါ တစ်ပိဿာလျှင်     ငွေကျပ်(၁၆၀၀) အထိ ရောင်းချခဲ့ရကြောင်း ဝါစိုက်တောင်သူ ဦးမောင်စိုးထံမှ သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)