မင်းလှမြို့နယ်အတွင်း၌ လယ်ယာမဲ့နှင့် လယ်ယာချို့တဲ့သူများ လုပ်ကိုင်စားသောက်နိုင်ရန် မြေလွတ်မြေရိုင်း ဧကငါးထောင်ကျော် စီစဉ်ပေးမည်

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း နေထိုင်သူ ဒေသခံလယ်ယာမဲ့နှင့် လယ်ယာပိုင်ဆိုင်မှု ချို့တဲ့သူများ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် မြေလွတ်မြေရိုင်းဧက ၅၅၀ဝ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

အဆိုပါမြေရိုင်းများကို လယ်ယာမြေအဖြစ် အဆင်ပြေစွာအသုံးပြုနိုင်ရန် စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ပံ့ပိုးပေးနေသော နိုင်ငံတကာအဖွဲ့အစည်း လစ်ဖန်းအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးနေပြီး မြေတိုင်းတာခြင်း၊ မြေယာမြေ ဖော်ထုတ်ခြင်း ကုန်ကျစရိတ်များကို အဆိုပါအဖွဲ့မှ စိုက်ထုတ်ကူညီပေးသွားမည် ဖြစ်သည်။

 

“လုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး ခွင့်ပြုချက်ရယူထားခဲ့တဲ့ မြေလွတ်မြေရိုင်းတွေကို စီစစ်တဲ့အခါမှာ လတ်တလော အသုံးမပြုဘဲထားရှိတဲ့ မြေဧက (၁၁၀ဝ၀)ကျော်ကို မင်းလှမြို့နယ်အတွင်းမှာ တွေ့ခဲ့ရပါတယ်။ မင်းလှမြို့နယ် ကန်နီကန်တုပ် ဒေသမှာရှိတဲ့ ယုဇန၊ သစ္စာမြေ ကုမ္ပဏီတွေကနေ ဒီမြေတွေကို ပြန်သိမ်းထားတာပါ။ ပြန်သိမ်းမြေထဲကမှ ဧက(၅၅၀ဝ)ကို ဒေသခံလယ်ယာမဲ့နဲ့ လယ်ယာချို့တဲ့သူတွေကို လုပ်ကိုင်ခွင့် ခွဲဝေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာပါ” ဟု  မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းက  ပြောသည်။

 

လယ်ယာမဲ့နှင့် လယ်ယာပိုင်ဆိုင်မှု ချို့တဲ့သူများအပြင် လယ်ယာသိမ်းဆည်းခံရ၍ နစ်နာဖူးသည့် တောင်သူများကိုလည်း ဦးစားပေးကာ အရပ်ဖက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်အဖွဲ့၊ လွှတ်တော်အဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ သင့်တင့်မျှတစွာ ခွဲဝေချထားပေးသွားမည်ဖြစ်ပြီး လစ်ဖန်းအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ငန်းရှင်၊ အဖွဲ့အစည်းများမှ နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်ခွင့်ရယူထားသော မြေလွတ်မြေရိုင်းဧက ၂ သိန်းကျော်ရှိပြီး စီစစ်ချက်မှတ်တမ်းများအရ ဧက ၂ သိန်းခန့်ကို ပြန်လည်သိမ်းဆည်းခဲ့ရသည့် အခြေအနေရှိကြောင်း၊ မင်းလှမြို့နယ်အတွင်း လုပ်ငန်းများအောင်မြင်ပါက အခြားဒေသများရှိ ပြန်သိမ်းမြေများကိုလည်း အလားတူ ဆက်လက်ဖော်ဆောင်ပေးသွားရန် အစီအစဉ်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သိရသည်။

 

ဇေယျတု(မကွေး)