မင်းလှမြို့နှင့် သစ်သားတံကဲတော်

မောင်သာ(ရှေးဟောင်းသုတေသန)

 

သစ်သားတုံးတစ်ခုအတွင်း၌ အထပ်များ၊ အလွှာများပြုလုပ်၍ ဗုဒ္ဓဝင်ဇာတ်ကွက်များကို ပန်းပုရုပ်လုံးများ ထွင်းထုပုံဖော်ထားသည့် သစ်သားတံကဲတော်များကို မြန်မာနိုင်ငံရှိ ထင်ရှားသော ဘုရားစေတီအချို့၏ ဂန္ဓကုဋိတိုက်များတွင် ဗုဒ္ဓရုပ်ပွားတော်များ၏ ပလ္လင် နောက်မှီအဆင်တန်ဆာအဖြစ် မြင်တွေ့နိုင်ကြသည်။ ယင်းသို့ လက်ရာမြောက်စွာ ထုလုပ်ထားသည့် ထင်ရှားသော ပလ္လင်တံကဲတော်များအနက် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့ မဟာသတိပဋ္ဌာန် ကျောင်းတိုက်တွင် တည်ရှိသည့် တံကဲတော်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

 

မင်းလှမြို့၏ နောက်ခံ

 

မြန်မာနိုင်ငံ၌ မင်းလှမြို့နယ် နှစ်ခုရှိသည့်အနက် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင် တည်ရှိသည့် မင်းလှမြို့ကို အထက်မင်းလှဟု ခေါ်ဆိုကြ၍ ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင်တွင် တည်ရှိသည့် မင်းလှမြို့ ကို အောက်မင်းလှဟု ခေါ်ဆိုကြသည်။ ။

 

သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့ အမည်တွင်ခဲ့မှုအပေါ် အယူအဆနှစ်မျိုးရှိခဲ့သည်။ ပုဂံဘုရင် နရသီဟပတေ့သည် မြန်မာနိုင်ငံအောက်ပိုင်းသို့ တိမ်းရှောင်ခဲ့စဉ် တူတော်သတိုးလတ် (မင်းလတ်) က မင်းလှမြို့ကို တည်ခဲ့သဖြင့် မင်းလတ်မြို့ဟု ခေါ်ဆိုရာမှ မင်းလှဖြစ်လာသည်ဟု လည်းကောင်း၊ မင်းလှမြို့တည်နေရာတွင် နေထိုင်ခဲ့သူ အလွန်ချောမောလှပသည့် နတ်ဝင်သည် အမျိုးသမီး မမင်းလှ၏ ဂုဏ်သတင်းကြောင့် မင်းလှဟု အမည်တွင်ခဲ့သည်ဟုလည်းကောင်း ယူဆကြသည်။ မင်းလှမြို့နယ်သည် အရှေ့မှအနောက်သို့ ၁၉ မိုင်နှင့် တောင်မှမြောက်သို့ ၁၃ မိုင်ရှည်လျားကာ ၂၅၈ ဒသမ ၃၁ စတုရန်း မိုင်ကျယ်ဝန်း၍ အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်၊ တောင်ဘက်တွင် လက်ပံတန်းမြို့နယ်၊ မြောက်ဘက်တွင် အုတ်ဖိုမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေကာ ပင်လယ်ရေမျက်နှာပြင်အထက် ၇၆ ပေ မြင့်သည်။ မင်းလှမြို့သည် ရန်ကုန်မြို့မှ ၉၁ မိုင်ကွာဝေး၍ မော်တော်ကား၊ မီးရထားတို့ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ။

 

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ လူဦးရေ ၁၂၆၃၆၉ ဦး နေထိုင်သည့် မင်းလှမြို့နယ်ကို မြို့နှစ်မြို့ (မင်းလှနှင့်စစ်ကွင်း)၊ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာ ၂၄၆ ရွာဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်လူဦးရေ၏ ၉၁ ရာခိုင် နှုန်းသည် ဗမာလူမျိုးများဖြစ်ကြ၍ ကရင်၊ ရှမ်းနှင့် ရခိုင်လူမျိုးများလည်း အနည်းငယ်နေထိုင်ကြကာ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။

 

မင်းလှမြို့နယ်အတွင်း၌ ဘုရားစေတီ ၅၂ ဆူ၊ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၈ ခု၊ ဗလီ သုံးခု၊ ဟိန္ဒူဘုရားကျောင်းတစ်ခုနှင့် တရုတ်ဘုရား ကျောင်းနှစ်ခုတို့ တည်ရှိနေရာ ၁၉၁၅ ခုနှစ်က တည်ဆောက်ခဲ့သည့် ကိုလိုနီခေတ်လက်ရာ အုတ်အဆောက်အအုံ နှင့် တံကဲတော်တို့သည် မင်းလှမြို့ မဟာသတိ ပဋ္ဌာန်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ တည်ရှိကြသည်။

 

mdn

 

မြန်မာတံကဲတော်

 

တံကဲသည် သစ်သား (သို့မဟုတ်) အင်္ဂတေကို ခြူးပန်း ခြူးနွယ် ကနုတ်များဖြင့် အလှဆင်ထုလုပ်သည့် မြန်မာ့ရိုးရာပန်းပုနှင့် ပန်းတော့ အနုလက်ရာဖြစ်ပြီး မြန်မာအဘိဓာန်က တံကဲကို ပလ္လင်နောက်မှီဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုဒ် လေးပါးအနက် ဟန်တစ်မျိုးမျိုးဖြင့် ထုလုပ်လေ့ရှိသည့် ဗုဒ္ဓဆင်းတုတော်များအနက် ထိုင်တော်မူနှင့် ရပ်တော်မူ ရုပ်ပွားတော်အချို့၏ ကျောဘက်တွင် တံကဲ (ပလ္လင် နောက်မှီ) တစ်ခုကို ထားရှိလေ့ရှိခဲ့သည်။ ။

 

တံကဲကို ပလ္လင်နှင့်တွဲ၍ ပလ္လင်တံကဲဟုလည်းခေါ်ဆိုသည်။ ပလ္လင်တံကဲတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊ ကိန္နရာ၊ သမ္မာ ဒေဝ၊ ခြူး၊ ကြာ၊ ဦးဆောက်ပန်း ဟူသည့်နေရာ ၁၂ ခု ထည့်သွင်းပြုလုပ်၍ ခြင်္သေ့ရုပ်ကို ပလ္လင်အောက်ခုံနေရာ တွင် ထားလေ့ရှိသည်။ ။

 

ပလ္လင်တံကဲများကို သစ်သားပြားများအား သုံးထပ်၊ ငါးထပ်၊ ရှစ်ထပ် စသည်ဖြင့် အလွှာများပြုလုပ်၍ ဇာတ်တော်၊ နိပါတ်တော်များထဲမှ ဇာတ်ကွက်များကို ပန်းခက်ပန်းနွယ်များဖြင့် အနုစိတ်ထုလုပ် ပုံဖော်ကြသည်။ ယခုအချိန်တွင် ပုဂံ၊ အင်းဝ၊ ညောင်ရမ်းခေတ်လက်ရာ သစ်သားတံကဲများသည် ဆွေးမြည့်ပျက်စီးမှုကြောင့် များစွာမကျန်ရှိတော့ဘဲ ကုန်းဘောင်ခေတ်လက်ရာ သစ်သားတံကဲများကိုသာ တွေ့ရှိနိုင်ကြသည်။

 

မြန်မာ့ဗိသုကာပညာတွင် စုလစ်မွမ်းချွန်ဟုခေါ်သည့် အပြောက်အမွမ်းများကို သစ်သား၊ ကျောက်၊ အင်္ဂတေ၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သတ္တု စသည်တို့ဖြင့် ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံးပုံသဏ္ဌာန် အမျိုးမျိုးကို ထုလုပ်သကဲ့သို့ ဘီလူးပန်းဆွဲ၊ ဂဠုန်၊ ကိန္နရာ၊ သိကြားမင်း၊ ဥဒေါင်း၊ ဆင်၊ ခြင်္သေ့ စသည့် အရုပ်များကိုလည်း ပန်းကနုတ်များဖြင့် လက်ရာမြောက်စွာ ပြုလုပ်ကြသည်။ ယင်းအပြောက် အမွမ်းများအနက် သစ်သားတံကဲ အနုလက်ရာများကို လူအများကစိတ်ဝင်စား ကြသည်။

 

သစ်သားတံကဲများအပြင် ဘုရားစေတီတော်များ၏ မုခ်ပေါက်များနှင့် ဘုရားတန်ဆောင်းများ၏ ဝင်ပေါက် အထက်ပိုင်းမုခ်ခုံးနှင့် မုခ်ဝနေရာများတွင် အုတ်အင်္ဂတေ မုခ်ကပ်တံကဲများကို တွေ့ရှိနိုင်သည်။ ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းများတွင် မုခ်တံကဲများကို သစ်သားဖြင့် အများဆုံးပြုလုပ်ကြပြီး ပန်းကနုတ်များတွင် သိကြားမင်း၊ နတ်၊ ကျေး၊ ဒေါင်းအစရှိသည့် ရုပ်တုများကို ထည့်သွင်း ထုလုပ်ကြသည်။

 

ရုပ်ကြွ၊ ရုပ်ခုံး၊ ရုပ်လုံးများကို ပန်းနွယ်ပန်းခက်များနှင့် ပေါင်းစပ်ထုလုပ်ထားသည့် သစ်သားတံကဲများသည် ခေတ်ကာလနှင့် နေရာဌာနကိုလိုက်၍ ကွဲပြားခဲ့ကြသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်လက်ရာ တံကဲများသည် အနုစိတ်ပုံဖော်မှု ပိုမိုများပြားကာ အနုပညာလက်ရာ အပီပြင်ဆုံး ဖြစ်ကြသည်။

 

ထင်ပေါ်ကျော်ကြား တံကဲတော်များ

 

ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားမှ တံကဲတော်များသည် မီးလောင်ကျွမ်းခံခဲ့ရပြီးနောက် ယခုအချိန်တွင် ဓာတ်ပုံကိုသာ မြင်ကြရသည်။ သီဟိုဠ်ရှင်ဘုရားတွင် တံကဲတော် နှစ်ခုရှိခဲ့ပြီး အရှေ့တံကဲတော်သည် မတ်ရပ်ရုပ်ပွားတော် သုံးဆူ၏ မုခ်အဝင်၌လည်းကောင်း၊ အနောက်တံကဲတော်သည် ရုပ်ပွားတော် သုံးဆူ၏ နောက်ကျောတွင်လည်းကောင်း ရှိခဲ့သည်။ ယင်းတံကဲတော် နှစ်ခုသည် ၁၉၆၄ ခုနှစ် ဧပြီလ တွင် သီဟိုဠ်ရှင်ဘုရား ဂန္ဓကုဋိတိုက်၊ တန်ဆောင်းတော်များနှင့်အတူ မီးလောင်ခံခဲ့ရသဖြင့် တံကဲအသစ်ကို ယနေ့ခေတ်လက်ရာဖြင့် ပြန်လည်ပြုလုပ်ခဲ့သည်။

 

မူလအရှေ့တံကဲတော်ကို ပန်းပုဆရာ ဦးကံကြီးနှင့် သားဦးတေ တို့က မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ဝါဆို လပြည့်နေ့တွင် စတင်ထုလုပ်ခဲ့သည်။ တံကဲအလှူရှင်မှာ ပခုက္ကူမြို့နယ် မဲဇလီပင်ကုန်းရွာမှ ဦးစံနှင့် ဒေါ်ကြူးဖြစ်ပြီး လက်ခငွေ ၁၀၀၀ ကျပ် ကျသင့်ခဲ့သည်။ ပန်းပု ပညာရှင် သားအဖနှစ်ဦးသည် ယမနေသစ်တုံး သုံးလုံးကို ချိတ်ဆက်၍ ပန်းဆိုင်းတစ်ခုအသွင် ထုလုပ်ခဲ့ရာအချိန် တစ်နှစ်ကြာမြင့်ခဲ့သည်။ တံကဲပေါ်တွင် ဘုရားရှင် ဓမ္မစကြာ ဟောတော်မူခန်းမှ ပရိနိဗ္ဗာန်ပြုခန်းအထိ ဗုဒ္ဓဝင်ဇာတ်ကွက်များကို မင်း၊ မိဖုရား၊ နတ်၊ သိကြား၊ နတ်သားများ အပါအဝင် ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံး ၁၀၀၀ နီးပါးဖြင့် ပုံဖော်ထုလုပ်ခဲ့သည်။

 

သီဟိုဠ်ရှင် အနောက်တံကဲတော်ကိုလည်း ပန်းပုဆရာ ဦးကံကြီးနှင့် သား ဦးတေတို့ကပင် ထုလုပ်ခဲ့ပြီး အလှူရှင်မှာ ပခုက္ကူမြို့၊ ပန်းတောရပ်၊ ပိုးတန်းလမ်းမှ ဒေါ်အိမ်မင်းဖြစ်သည်။ အနောက်တံကဲ ထုလုပ်ခသည် ကျပ် ၃၀၀၀ ဖြစ်ပြီး သုံးနှစ်ကြာ ထုလုပ်ခဲ့ရကာ မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် တပေါင်းလပြည့်တွင် ပြီးစီးခဲ့သည်။ တံကဲတော်ကို ယမနေ သစ်တုံးတစ်တုံးတွင် ပန်းရှစ်ထပ်ပြုလုပ်၍ ဗုဒ္ဓဝင်တောထွက်ခန်းနှင့် ဝိဓူရဇာတ်တော်မှ ဇာတ်ဝင်ခန်း ၂၅ ခန်းကို လက်ဝဲဘက်တွင် ၁၅ ခန်း၊ လက်ယာဘက်တွင်  ၁၀ ခန်း ထုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံရှိ သစ်သားတံကဲတော်များအနက် အထင်ရှားဆုံးဟုဆိုနိုင်မည့် ကမ္ဘာကျော် ရွှေကူတံကဲတော်ကြီးကို ပခုက္ကူမြို့ ရွှေကူ မြတ်စွာဘုရား ဂန္ဓကုဋိတိုက်အတွင်း အရှေ့ဘက်တွင် မှန်သေတ္တာဖြင့် ထိန်းသိမ်းပြသထားသည်။ ဉာဏ်တော် ငါးပေ နှစ်လက်မ မြင့်သော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်၏ ကျောဘက်ရှိ တံကဲတော်သည် အလျား ငါး ပေ ၁၀ လက်မ၊ အမြင့် ၁၂ ပေ ၁၀ လက်မနှင့် ထု ရှစ်လက်မ ရှိသော ယမနေသား တံကဲကြီးဖြစ်သည်။ တံကဲတော်ကို အထပ် ရှစ်ထပ်ပြုလုပ်၍ ပန်းပုရုပ် ၁၃၆ ရုပ်နှင့်တိရစ္ဆာန် ၁၈ ရုပ် ထည့်သွင်း၍ ဒေဝါရောဟဏဇာတ်၊ နေမိဇာတ်၊ သာဓိဏဇာတ်နှင့် ဗိမ္မိသာရဇာတ်များမှ ဇာတ်ဝင်ခန်း ၁၂ ခန်းကို ထွင်းထုခဲ့သည်။

 

 

ရွှေကူတံကဲ၏ လက်ရာရှင်သည် ဦးကံကြီးတို့ သားအဖပင်ဖြစ်ပြီး သက္ကရာဇ် ၁၂၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် တွင် လက်ခငွေ ငွေဒင်္ဂါးပြား ၄၀၀၀ ဖြင့် လက်ခံကာ ထု ရှစ်လက်မ၊ ပန်းရှစ်ထပ် တံကဲတော်ကို သစ်တုံး ငါးတုံးဖြင့် လေးနှစ်ကျော် ထုလုပ်ခဲ့ရကြောင်း တံကဲတော် မှတ်တမ်းစာ ရေးသားထားသည်။ တံကဲ အလှူရှင်မှာ ပခုက္ကူမြို့ ဈေးဟောင်းကျောင်းတော်ရာလမ်း၊ တိုက်နံပါတ် (၅၇၅) နေ ဦးဟင်းငါးနှင့် ဇနီး ဒေါ်ဇီးဇံ၊ သမီး မယ်သစ်၊ မယ်မြစ်တို့ ဖြစ်ကြသည်။ ရွှေကူတံကဲတော်၏ ဝဲဘက် ပန်းကနုတ်ပေါ်တွင် ဆာဦးကံကြီး၊ သား မောင်တေဟုလည်းကောင်းနှင့် ညာဘက်ပန်းကနုတ်ပေါ်တွင် မဆီးဆံ၊ ကိုဟင်းငါး၊ မမယ်သင် ကောင်းမှုဟု လည်းကောင်း ထွင်းထုထားသည်။

 

ပခုက္ကူမြို့မှ အရှေ့ဘက် သုံးမိုင်အကွာတွင် တည်ရှိသည့် ရွှေတန့်တစ်ဘုရား၏ ဂန္ဓကုဋိတိုက်တွင် သရက္ခန် ရုပ်ပွားတော် တစ်ဆူကို ဆင် ၁၄ ကောင်ခံထားသည့် ပလ္လင်ပေါ်တွင် ပူဇော်ထားရှိသည်။ ဆင်ခံ သရက္ခန် ရုပ်ပွားတော် ခြောက်ဆူအနက် ရွှေတန့်တစ် သရက္ခန်သည် တစ်ဆူအပါအဝင်ဖြစ်ပြီး တံကဲတော်သည် အမြင့် ၁၃ ပေ သုံးလက်မ၊ အနံ ၁၀ ပေ ရှိသည်။ ။

 

ရွှေတန့်တစ် တံကဲတော်တွင် ကနုတ်ပန်းနွယ်၊ ကြာနွယ် ကြာရိုးများကို အခွေအလိပ် အတွန့်များဖြင့် အလှဆင်ထားသည်။ တံကဲအလှူရှင်များမှာရွှေတန့်တစ် ကျေးရွာမှ ဦးတိုး၊ ဒေါ်အို၊ သား ဦးဖေ၊ ဒေါ်ဘွင့်၊ မြေး ကိုငွေဇုံနှင့် မမြ တို့ဖြစ်ကြ၍ တံကဲတော်ကို ရွှေတန့်တစ်ရွာမှ ဦးချမ်းသာနှင့်ပခုက္ကူမြို့မှ ဆရာအေးတို့က ခရစ်နှစ် ၁၈၉၅ ခုနှစ်မှ ၁၈၉၈ ခုနှစ်အထိ သုံးနှစ်၊ နှစ်လ နှင့် ၁၀ ရက်ကြာ ထုလုပ်ခဲ့ကြသည်။ ထုလုပ်ခမှာ ငွေဒင်္ဂါး ကျပ် ၁၅၀၀ ဖြစ်သည်။

 

တံကဲတော်ကို ကျွန်းသစ်နှင့် ယမနေ သစ်တုံး ၁၃ လုံးကို ပေါင်းစပ်၍ ဝိဓူရဇာတ်တော်လာ ဇာတ်ဝင်ခန်း ၁၃ ခန်းကို ထုလုပ်ထားရာ အချို့နေရာတွင် ပန်းရှစ်ထပ်၊ အချို့ နေရာတွင် ပန်းသုံးထပ်ရှိသည်။ ။

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့ ရိုက်စုရပ်ကွက် ဘုရားကြီးကျောင်းတိုက် အတွင်းရှိ ဉာဏ်တော် ၉ တောင် ၂ မိုက် မြင့်သော မဟာလောက မုနိန် ကြေးသွန်းမြတ်စွာဘုရား ရုပ်ပွားတော်၏ ကျောဘက်ရှိ တံကဲတော်သည်လည်း အလွန်ထင်ရှားခဲ့သည်။ ယမနေသားဖြင့် ပြုလုပ်ထားသည့် တံကဲတော်ကြီးသည် အမြင့် ၁၈ ပေ ၈ လက်မ၊ အကျယ် ၁၅ ပေ ၃ လက်မနှင့် အထူ ၆ လက်မ ရှိကာ အထပ်လေးထပ်တွင် ဗုဒ္ဓဝင်ဇာတ်ကွက်များကို ထုလုပ်ထားသည်။ ကနောင် တံကဲတော်ကြီးကို တံကဲ လက်မှုပညာရှင် ဦးကံကြီးနှင့် သား ဦးတေတို့က သုံးနှစ်ကြာ ထုလုပ်ခဲ့ကာ လက်ခငွေ ဒင်္ဂါး ၃၀၀၀ ကျပ် ကုန်ကျခဲ့သည်။ တံကဲတော်၏အရှေ့ ဘက်ခြမ်းတွင် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကြာချီလုပ်ခန်း၊ အနောက်ဘက်ခြမ်းတွင် ဝိဓူရဇာတ်တော်လာ  ဇာတ်ကွက်အချို့ နှင့် တံကဲတော်၏ ထိပ်ပိုင်းတွင် မဟာဇနက ဇာတ်တော်ကို ထွင်းထုထားသည်။

 

တံကဲတော်ကြီးကို ကျွန်းသစ်တုံး ငါးတုံး၏ အထပ်ငါးထပ်တွင် ကနုတ်ပန်းများ၊ လူ၊ နတ်၊ တိရစ္ဆာန်ရုပ်များ ထည့်သွင်းထုလုပ်ခဲ့သည်။ တံကဲတော် ထုလုပ်ချိန် သုံးနှစ်ကြာမြင့်ခဲ့ကာ လုပ်အားခ ငွေကျပ် ၉၆၀၀ ကျသင့်ခဲ့သဖြင့် ထိုစဉ်က ရွှေဈေးအရ ရွှေသုံးပိဿာတန်ဖိုးဖြစ်သည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့လယ်ရှိ ဒက္ခိဏာရာမ ပရိယတ္တိ စာသင်တိုက်ဝင်းအတွင်း ၌ သီတင်းသုံးနေသည့် ပြည်လုံးချမ်းသာ ရုပ်ပွားတော် သည် ဉာဏ်တော်၂၅ ပေ၊ ကိုယ်လုံးတော်ပတ်လည် ၂၃ ပေ ရှိသည်။ တံကဲတော်၏အထူသည် ရုပ်ပွားတော်၏ လက်ဝဲဘက်အခြမ်း၌ ခြောက်လက်မ ဖြစ်၍ လက်ယာဘက် အခြမ်း၌ ခုနစ်လက်မဖြစ်သည်။

 

ရုပ်ပွားတော်၏ ကျောဘက်တွင်ရှိသည့် ၂၅ ပေ ခုနစ်လက်မမြင့်၍ ၁၅ ပေ ၁၀ လက်မ အရွယ်ရှိသော တံကဲတော်သည် သစ်သားတံကဲများအနက် အမြင့်ဆုံးနှင့် အကြီးဆုံးဖြစ်ကာ ယင်းတံကဲတော်ကို ဘန္တကေသရ မဟာထေရ်က ပန်းပုဆရာ ဦးကံကြီးနှင့်သား ဦးတေတို့အား ထုလုပ်စေခဲ့သည်။

 

ရွှေကူ တံကဲတော် အမြင့်သည် ၁၂ ပေ ၁၀ လက်မ ရွှေတန့်တစ် တံကဲ၏ အမြင့်သည် ၁၃ ပေ သုံးလက်မ ရှိကာ ပြည်လုံးချမ်းသာတံကဲသည် ၂၅ ပေ ခုနစ်လက်မ ရှိသဖြင့် အမြင့်ဆုံးဟု ဆိုနိုင်ပေသည်။ တံကဲတော် အရွယ်သည် ရွှေကူတံကဲက ငါးပေ ၁၀ လက်မ၊ ရွှေတန့်တစ် တံကဲသည် ၁၀ ပေ ဖြစ်ပြီး ပြည်လုံးချမ်းသာ တံကဲသည် ၁၅ ပေ ၁၀ လက်မ ရှိသဖြင့် အကြီးဆုံးဖြစ်သည်။ ပြည်လုံးချမ်းသာ တံကဲတော်ကြီးတွင် တာဝတိံသာ နတ်ပြည်တွင် အဘိဓမ္မာဟောကြားခဲ့သည့် ဘုရားရှင်သည် လူ့ပြည်သို့ မည်သည့်ရက်တွင် ပြန်လည်ဆင်းကြွလာမည်ကို လူပရိသတ်များက ရှင်မဟာမောဂ္ဂလန်မထေရ် အား မေးမြန်းနေပုံကို တံကဲတော်၏ ထိပ်ပိုင်းဝဲယာနှစ်ဖက်တွင် ထွင်းထုထားသည်။ လက်ယာဘက်အခြမ်း တွင် ဇာတ်ကွက်ငါးကွက်နှင့် လက်ဝဲဘက်ခြမ်းတွင် ဇာတ်ကွက် ကိုးကွက်တို့ကို ထုလုပ်ထားသဖြင့် ဇာတ်ကွက်ပေါင်း ၁၅ ကွက်ကို မြင်တွေ့ကြရပေသည်။

 

မင်းလှ တံကဲတော်နှင့် ကိုလိုနီခေတ် အဆောက်အအုံ

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့ရှိ စတုဘုမ္မိက မဟာသ တိပဋ္ဌာန်ကျောင်းတိုက်ဝင်းအတွင်းရှိ အနန္တမိဘမေတ္တာ မင်္ဂလာသိမ်တော်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော်၏ တံကဲတော်သည် အမြင့် ၁၀ ပေ၊ အကျယ် သုံးပေ ငါးလက်မနှင့် ထု ခုနစ်လက်မ ရှိသည့် ယမနေသားတံကဲဖြစ်၍ ပန်းအထပ် ခုနစ်ထပ်တွင် အရုပ်ပေါင်း ၆၀ ကို ထွင်းထုထားသည်။ တံကဲတော်တွင် ဗုဒ္ဓဝင်လာဇာတ်ကွက် ခုနစ်ကွက်နှင့် ဒဿဂီရိနှင့် မယ်သီတာ ဇာတ်လမ်းမှ ဇာတ်ကွက်တို့ကို ထုဆစ်ထားသည်။

 

တံကဲတော်ပေါ်တွင် သုဝဏ္ဏသာမဇာတ်၊ ဘုရားလောင်း တောထွက်ခန်း၊ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်၍ ဘုရားလောင်း တရားကျင့်ပုံ၊ ဘုရားလောင်းပျောက်သွားသဖြင့် ရှင်ဘုရင်ထံ သံတော်ဦးတင်ပုံ၊ ရာဇဂြိုဟ် သူဌေးအိမ်ရှေ့တွင် စိုက်ထူထားသည့် အတောင် ၆၀ မြင့်သော တိုင်ထိပ်ရှိ စန္ဒကူးသပိတ်ကို ရယူရန် တိတ္ထိခြောက်ဦး ကြိုးပမ်းကြပုံ၊ အရှင် ပိဏ္ဍောလဘာရဒွါဇ မထေရ်က တန်ခိုးတော်ပြပြီး သပိတ်ကို ရယူပုံ ဘာသာမဲ့ ရာဇဂြိုဟ်သူဌေး ဗုဒ္ဓဘာသာအဖြစ် ခံယူပုံတို့ကို ထုလုပ်ထားပြီး တံကဲအလှူရှင်သည် မဟာသတိပဋ္ဌာန်ကျောင်း တိုက်အလှူရှင် ဦးပွန်နန်နှင့်ဒေါ်ငွေသက် ဖြစ်၍ ထုလုပ် သူမှာ ပခုက္ကူမြို့မှ ပန်းပုဆရာ မောင်ဘိုးမင်း ဖြစ်သည်။

 

မောင်ဘိုးမင်းသည် တံကဲတော်ကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် စတင်ထုလုပ်ရာ သုံးနှစ်ကြာမြင့်ခဲ့ပြီး အလှူရှင်က လက်ခငွေ ဒင်္ဂါးအပြား ၁၀၀ နှင့် ဝတ်စုံသုံးစုံကို ဆုချခဲ့ကြောင်း တံကဲတော်မှတ်တမ်းတွင် ဖော်ပြထားသည်။

 

မင်းလှမြို့၏ အနောက်မြောက်ဘက်ပိုင်းတွင်ရှိသည့် မြို့လယ်ကျောင်းနှင့် မဟာသတိပဋ္ဌာန်ကျောင်း အကြားရှိ ကိုလိုနီခေတ် လက်ရာအုတ်တိုက် အဆောက်အအုံကြီးသည် အင်တာနက် လူမှုစာမျက်နှာများမှ တစ်ဆင့်ထင်ရှားလာခဲ့သည်။ မဟာဂန္ဓာကုဋိကျောင်းတော် အုတ်တိုက်ကြီးကို ၁၂၇၇ ခုနှစ်တွင် မင်းလှမြို့မှလယ်ပိုင်ရှင် ဒေါ်ဆားပွင့်က ဒေါင်းဒင်္ဂါး ၃၀၀၀၀ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကျောင်းတိုက်ကို မတည်ဆောက်မီ ဒေါ်ဆားပွင့်သည် ကျောင်းတိုက်နေရာ အနီးတွင် စေတီနှစ်ဆူကို ၁၂၅၀ ပြည့် နှစ်တွင် တည်ထားခဲ့သည်။

 

mdn

 

အရှေ့ဘက်သို့ မျက်နှာမူထားသည့် မဟာဂန္ဓကုဋိ အုတ်တိုက်ကြီးသည် မူလက နှစ်ထပ်အဆောက်အအုံ ဖြစ်ခဲ့ဟန်ရှိကာ နောက်ပိုင်းတွင် တစ်ထပ်အဆောက် အအုံအဖြစ် ပြောင်းလဲခဲ့သည်ဟု ယူဆရပေသည်။ အဆောက်အအုံ၏ မျက်နှာစာလေးဘက်တွင် အုတ်လှေကား တစ်ခုစီရှိခဲ့သော်လည်း အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ဝင်ပေါက်များကို အင်္ဂတေဖြင့် ပိတ်ခဲ့သဖြင့် ယခုအခါ အရှေ့ဘက်စောင်းတန်းမှာဝင်နိုင်သည်။ အဆောက်အအုံအတွင်း၌ ဗုဒ္ဓဆင်းတုတော်ကြီး တစ်ဆူသည် အရှေ့ဘက်သို့ မျက်နှာမူ၍ အပူဇော်ခံလျက်ရှိသည်။

 

ဒေါ်ဆားပွင့်သည် မဟာဂန္ဓာကုဋိ ကျောင်းတော်နှင့် ရှေ့နောက်ယှဉ်လျက် မြို့လယ်ကျောင်းကို ၁၂၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်ဆားပွင့်၏ သမီး ဒေါ်ငွေသက် က မဟာသတိပဋ္ဌာန်ကျောင်းကို တည်ဆောက်လှူဒါန်း၍ မဂန္ဓာကုဋိကျောင်းတိုက်၊ စေတီ နှစ်ဆူနှင့် မဟာသတိပဋ္ဌာန်ကျောင်းကို သီးခြားခြံခတ်ခဲ့သဖြင့် ယခုအခါတွင် မြို့လယ်ကျောင်းနှင့် မဟာဂန္ဓာကုဋိ ကျောင်းတိုက်တို့သည် လမ်းတစ်လမ်းခြား ကာ တစ်ဖက်စီ တည်ရှိနေကြသည်။ ။

 

မင်းလှမြို့သည် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ နှစ်ခုနှင့် တံကဲတော်တို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သဖြင့်ယနေ့တိုင် အများပြည်သူများ လေ့လာနိုင်ကြသည်။ ထို့အတူမြန်မာနိုင်ငံ နေရာသေအသီးသီးရှိ မြန်မာ့အနုလက်ရာ သစ်သားတံကဲများကို ထိန်းသိမ်းထားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို နောင်မျိုးဆက်များသို့ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပေသည်။ ။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀)

ပလ္လင်တံကဲ (လှိုင်ဝင်းဆွေ)

မဟာသတိပဋ္ဌာန်ကျောင်းဆရာတော်၏ ရှင်းလင်းမိန့်ကြားချက်များ