မင်းလှမြို့အမှတ်(၁)ရပ်ကွက်၌ လူနေအိမ်တစ်လုံး မီးလောင်မှု

အထက်မင်းလှ       ၁၇      ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အမှတ်(၁)ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီ  ၃၂ မိနစ်အချိန်က  မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁)လုံး မီးလောင်ဆုံရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ အမှတ်(၁)ရပ်ကွက်၊ ဘုရားခြောက်ဆူလမ်းနှင့် (၆)လမ်းထောင့်ရှိ ဦးဇင်မင်းကို၏ နေအိမ်တွင်ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ထားပြီး လမ်းထိပ်ဈေးဆိုင်သို့ ဈေးဝယ် သွားရောက်စဉ် ထမင်းချက်မီးဖိုမှတဆင့် နေအိမ်ထံရံအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဦးဇင်မင်းကို၏ (၁၂×၁၂)ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်းနှင့်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၈ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အိမ်ရှင် ဦးဇင်မင်းကို အား မင်းလှမြို့မစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

 

ဇာဇာ(အထက်မင်းလှ)