မင်းကွန်းဒေသတွင် တောင်ကျချောင်းရေလျှံမှုကြောင့် နွားတစ်ကောင် သေဆုံးပြီး လူနေအိမ်အချို့ ပျက်စီး

စစ်ကိုင်း  ၃   သြဂုတ်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ ရှားရောင်းကျေးရွာတွင် တောင်ကျချောင်းရေလျှံ၍ နွားတစ်ကောင် သေဆုံးခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ရှားရောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းသင်းက ပြောသည်။

 

သြဂုတ်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့်  မင်းဝံတောင်တန်းမှ ကျဆင်းလာသော တောင်ကျချောင်းရေ လျံမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ လူနေအိမ်ဝန်းထရံများ ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

''ဒီနေ့ မနက်က မိုးက တအားများတော့ မင်းဝံတောင်တန်းကနေကျတဲ့ တောင်ကျချောင်းရေ လျှံသွားတယ်။ လူတစ်ရပ်ကျော်တယ်။ ပြီးတော့ ဟိုဘက်၊ ဒီဘက် ကူးသန်းလို့ မရတော့ဘူး။ ရေတွေက လူနေအိမ် ဝင်လာတဲ့အတွက် အိမ်ခြေ (၇)အိမ်ရဲ့ဝန်းထရံတွေ တွေပျက်စီးတယ်။ ပြီးတော့ ရေလုံးက နွားခြံထဲ ဝင်လာတော့  နွားတစ်ကောင်ရေမွန်းပြီး သေသွားတယ်။ အချို့အိမ်က ဒယ်အိုး၊ ဒန်းခွက်တွေ မျောပါသွားတယ်။ ကြက်တွေရော ချောင်းရေထဲပါသွားတယ် "ဟု  ရှားရောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းသင်းက ပြောသည်။

 

ရှားရောင်းကျေးရွာတွင် ယခင်က မင်းဝံတောင်တန်းမှ ကျဆင်းလာသော တောင်ကျချောင်း ရေလျှံမှုဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း၊ အခုအခါသည် ပထမအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ  မြသိန်းတန် စေတီမြောက်ဘက် လမ်းအား ပြုပြင်လိုက်သည့်အတွက် တောင်ကျချောင်းရေသည် ရှားရောင်းကျေးရွာအတွင်း လမ်းကြောင်းပြောင်း၍ ကျဆင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ခိုင်ဇေယျ