မြင်းခြံမြို့နယ် ဘောလုံးကျေးရွာတံတားအနီးတွင် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံး

မြင်းခြံ   ၃   ဩဂုတ် 

မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု ဘောလုံးကျေးရွာတံတားအနီးတွင် ဩဂုတ် ၃ ရက် ညနေပိုင်းအချိန်က အမျိုးသားတစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ မြင်းခြံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် တပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း(မြင်းခြံ)၊ အဖြူရောင်လက်များ ပရဟိတအသင်းတို့မှ အခင်းဖြစ်ပွားရာနေရာသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ပြီး ကျေးရွာသားများနှင့်အတူ ရေနစ်ပျောက်ဆုံးနေသော ဝဲကျော်(ခ)မျိုးသူ အသက်(၃၁)နှစ်အား ရှာဖွေခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ နာရေးကူညီမှုအသင်း(မြင်းခြံ) မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)