မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈) ဦး ရောဂါပျောက်ကင်း၍ ထပ်မံဆေးရုံဆင်းခွင့်ရ

မြင်းခြံ   ၂၁  စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈)ဦး ရောဂါပျောက်ကင်း၍ စက်တင်ဘာ ၂၁ ရက်တွင် ဆေးရုံဆင်းခွင့် ထပ်မံ ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ထွန်းဝင်း ထံမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈) ဦးနှင့် ပတ်သက်၍လည်း "ဒီနေ့မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရရှိသူ (၁၈) ဦးရှိပါတယ်၊ ယခင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါလက္ခဏာမပြတဲ့ လူနာ တွေကို ဆေးရုံမှာ (၁၄) ထားရှိပြီးမှ ဆေးရုံဆင်းခွင့်ပြုပါတယ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရောဂါလက္ခဏာမပြတဲ့ လူနာတွေကို ဆေးရုံမှာ (၁၁) ရက်ထားပြီး ဆေးရုံဆင်းခွင့် ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်၊ အဲဒါကြောင့် ပုံမှန်ဆို (၄) ဦး ဆေးရုံဆင်းခွင့်ရရှိမျာဖြစ်ပြီး (၁၁) ရက်ပြည့်သည့် လူနာတွေ (၁၄) ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်း (၁၈) ဦးအား ဆေးရုံဆင်းခွင့် ပြုလိုက်ပါတယ်၊ ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇) ရက်တိတိ အသွားအလာ ကန့်သတ်နေထိုင်ရန် လိုအပ်ကြောင်း၊ Mask အမြဲမပြတ် တပ်ဆင်စေဖို့၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိအသုံးပြုစေလိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း(သို့) Online မှသာ ဆက်သွယ်ပြောဆိုစေ ကြောင်း၊ အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောခြင်း(သို့) အယ်လ်ကိုဟော ၆၀ % ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုစေကြောင်း၊ ဆေးရုံဆင်းပြီး (၁) ပတ်အကြာ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန် မှာကြားခဲ့ကြောင်း" မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ထွန်းဝင်း က ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈)ဦးအား တစ်ဦးလျှင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက် တစ်ဖာ၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ Mask တစ်ဘူးနှင့် Face Shield တစ်ခု၊ ဆပ်ပြာ တစ်တုံး၊ ဂုဏ်ပြု နှင်းဆီပန်း တစ်ပွင့်စီအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး လတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ်  ဒေါက်တာ တင့်ထွန်းဇော်တို့က အသီးသီးပေးအပ်ခဲ့ကြသည်။

ယခုအချိန်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၅) ထိရှိပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၁) ဦး ကျန်ရှိနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြင်းခြံပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းက ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၈)ဦးအား မြင်းခြံမြို့ နားရေးကူညီမှု ပရဟိတအသင်းနှင့် အဖြူရောင်လက်များ ပရဟိတအသင်းနှင့် ဧရာဝတီ သွေးလှူရှင်အသင်း ကားများဖြင့် အိမ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)