မငြိမ်းချမ်း၍မဖြစ် ငြိမ်းချမ်းရမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ ကယားပြည်နယ်မှ လူငယ်မောင်မယ်လေးများ သီဆိုဖျော်ဖြေခဲ့ကြသည့် "မငြိမ်းချမ်းလို့မဖြစ်ဘူး" သီချင်းတေးသွားသံစဉ်များမှာ မြန်မာပြည်တစ်ဝန်း လွှမ်းခြုံပျံ့နှံ့ခဲ့ပါသည်။

သီချင်းကို ရေးစပ်သီကုံး၊ တီးခတ်၊ သီဆိုကြသောသူများမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမ လူငယ်မောင်မယ်များဖြစ်ပြီး အမိ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မငြိမ်းချမ်း၍မဖြစ် ငြိမ်းကိုငြိမ်းချမ်းမှ ဖြစ်တော့မည်ဆိုသည့် ရင်တွင်းခံစားချက်အပြည့်ဖြင့် ပွင့်အန်ပေါ်ထွက်လာ သည့် သံစဉ်များဖြစ်သည်။ ဝမ်းနည်းကြေကွဲဟန်ဖြင့် တီးခတ်ဖျော်ဖြေ တင်ဆက်မှုများသည် နားသောတဆင်ခဲ့ကြသူပြည်သူများ၏ နှလုံးဘဝင်ကို ရိုက်ခတ်တုန်လှုပ်စေသည့် တိုင်းရင်းသားလူငယ်များ၏ ငြိမ်းချမ်းရေး သံစဉ်များဖြစ်သည်။

(၆၈) နှစ်မြောက်ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော်မြို့တွင် ကျင်းပစဉ် အဆိုပါတေးသီချင်းဖြင့်ပင် တိုင်းရင်းသားလူငယ်မောင်မယ်များက ဖျော်ဖြေခဲ့ကြပါသည်။ အဆိုပါ တေးသီချင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတာ အားလုံးက အသည်း ထဲမှာစွဲပြီးတော့ နားလည်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အတွင်းကနေ စတာပါ။ ငြိမ်းချမ်းချင်တဲ့စိတ်ဓာတ်ရှိမှ ငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းအားလုံးဟာ ငြိမ်းချမ်းရေးလိုအပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ မငြိမ်းချမ်းမှုများပေါ်ပေါက် လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ မငြိမ်းချမ်းမှုကိုပြောမည်ဆိုပါက ပြည်ထောင်စုကြီးတစ်ခုလုံး မငြိမ်းချမ်းပါဟု ပြောရမည် မဟုတ်ပေ။ အမျိုးသားရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေးတို့ကို တည်ဆောက်နိုင်သောကြောင့် ဒေသအများစုတွင်ငြိမ်းချမ်းနေပြီး အချို့ အချို့သောဒေသများတွင်သာ မငြိမ်းချမ်းမှုများနှင့် ကြုံတွေ့နေရသည်။ မည်သို့ပင်ဖြစ်စေ တစ်တိုင်းပြည်လုံးငြိမ်းချမ်းပါမှ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီး ဖြစ်မည်ဖြစ်၍ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းတည်ဆောက် ရမည်ဖြစ်သည်။

မငြိမ်းချမ်း၍မဖြစ်ဘူးဆိုသည်မှာ ပြည်ထောင်စုသားအားလုံးအတွက် အရေးတကြီးလိုအပ်ချက်ပင်ဖြစ်သည်။ မငြိမ်းချမ်းခဲ့သော ပြည်နယ် တစ်ခုတွင် အပစ်အခတ်ရပ်စဲရေးကိုဆောင်ရွက်နိုင်ပြီး ငြိမ်းချမ်းမှုရရှိသော အခါ အဆိုပါပြည်နယ် မည်သို့တိုးတက်၊ မည်သို့အေးချမ်းနေသည်ကို ပြည်ထောင်စုသားအချင်းချင်း မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။ တိုင်းရင်းသားပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ကြသည်။ လွတ်လပ်စွာကူးသန်းသွားလာလုပ်ကိုင်နိုင်ကြ၍ လူမှုစီးပွားဘဝ တိုးတက်မှုရှိသည်။

အပစ်အခတ်ရပ်စဲသေးဘဲ မငြိမ်းချမ်းသော ပြည်နယ်အချို့မှ တိုင်းရင်းသားပြည်သူများမှာ အတိဒုက္ခရောက်နေကြသည်။ ကောင်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ခြင်းမပြုနိုင်။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးမှာ ဝေလာဝေး၍တိုက်ပွဲရှောင်ပြည်သူများအဖြစ် ပြေးလွှားရှောင်ပုန်းနေကြရသဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စိတ်မကောင်းဖွယ်၊ ကရုဏာသက်ဖွယ်ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဟု တိုင်းရင်းသားအချင်းချင်း ထပ်တလဲလဲ ဆိုကြရပါသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ နိုင်ငံတည်တံ့ခိုင်မြဲရေး၊ အေးချမ်းရေး၊ သာယာရေး၊ တိုးတက်ရေးအတွက်ဆိုလျှင် တိုင်းရင်းသားအချင်းချင်းညီညွတ်မှုသည် အလွန်အရေးကြီးသည်။ ပြည်နယ်၊ ပြည်မမခွဲခြားဘဲ အားလုံးညီညီညွတ်ညွတ် တန်းတူညီမျှ အခွင့်အရေးရပြီး လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းကိုငြိမ်းချမ်းမည်ဟု ဆိုနိုင်ပါသည်။

သို့ဖြစ်ရာ ပြည်ထောင်စုဖွားညီနောင်များသည် မိသားစုသဖွယ်ဖြစ်သောကြောင့် မည်သူမျှဒုက္ခဆင်းရဲမရောက်စေဘဲ မငြိမ်းချမ်း၍မဖြစ် ငြိမ်းချမ်းရမည် ဆိုသည့်ခံယူချက်ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာဝ ပြောရေးအတွက် ညီညွတ်မှုကိုတည်ဆောက်ကာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်ပါကြောင်း။

 

ုာ