မြင်စိုင်းမြို့ဟောင်းအနီးတွင် နံရံဆေးရေးပန်းချီများရှိသော ကျောက်သားဥမင်များကို လေ့လာနိုင် 

ကျောက်ဆည် ၁၅  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊  မြင်စိုင်းမြို့ဟောင်းအနီးရှိ တောင်များတွင် သဘာဝကျောက်လှိုဏ်ဂူများရှိပြီး လှိုဏ်ဂူနံရံများပေါ်ရှိ နံရံဆေးရေးပန်းချီများကို ယနေ့တိုင် လေ့လာနိုင်သည်။ ကျောက်လှိုဏ်ဂူအတွင်းရှိ ရုပ်ပွားတော်များမှာ ကျောက်နံရံရှိ ကျောက်သားကို နေရာတွင်ပင် ထွင်းထုထားသည့် လက်ရာများပင်ဖြစ်သည်။ အထူးသဖြင့်  ကျောက်ဥမင်လှိုဏ်ခေါင်း (၉) ခုရှိသည့် ရွှေဥမင်တောင်ရှိ အလယ်ဂူမကြီးတွင် နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည်။

အချို့သော နံရံဆေးရေးပန်းချီများနေရာတွင် သမိုင်းတန်ဘိုး မသိသူများက ရေးခြစ်မှုများ ပြုလုပ်ထားသည်လည်း ရှိသည်။ ရေးခြစ်မှုမပြုရသေးသည့် နံရံဆေးရေးပန်းချီများကို ဆရာတော်များက ထိန်းသိမ်းစောင့်ရှောက်ထားလျက် ရှိသည်။ ယခုအခါတွင် မြင်စိုင်း ရွှေပြည်အနီးရှိ ရွှေဥမင် လှိုဏ်ခေါင်း (၉) ခုအတွင်း အလယ်ဂူမကြီး ကျောက်နံရံတွင် ပုဂံခေတ်နှောင်း နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

မြင်စိုင်းမြို့ဟောင်းသည် ရှေးယခင်က မြင်စိုင်းရွှေပြည်အဖြစ် ထင်ရှားခဲ့သော မြို့ဖြစ်သည်။ ကျောက်ဆည်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တောင်ကုန်းတိုင်းတွင် စေတီများတည်ထားသည့် နေရာပင်ဖြစ်သည်။ မြင်စိုင်းရွှေပြည်မှာ ဘုရင်ထီးနန်းစိုက်ရာ သမိုင်းဝမြို့ပင်ဖြစ်သည်။ နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်းလက်ထက် တာတာတို့ ဝင်ရောက်ကျူးကျော်သည့်အခါ ပုဂံပြည်ကြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲပြိုကွဲသွားခဲ့ရသည်။ ပုဂံနိုင်ငံတော်မှာ သူတလူ ငါတမင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။

ပုဂံပြိုကွဲချိန်တွင် လယ်တွင်းနယ်ရှိ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့တို့တွင် ရှမ်းညီနောင်သုံးဦးတို့က စည်းရုံးကာ ဗဟိုအာဏာကို မြင်စိုင်းတွင် စုစည်းခဲ့ကြသည်။ မြင်စိုင်းဗဟိုအာဏာ တည်တံ့ရေးအတွက် မက္ခရာနှင့် ပင်လယ်တို့မှ အထောက်အကူပြုပေးခဲ့ကြသည်။ တာတာတို့ကို ရှမ်းညီနောင်သုံးဦးတို့က ဦးဆောင်တိုက်ထုတ်ပြီးနောက် သက္ကရာဇ်(၆၆၆)ခုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့တွင် အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူ ညီနောင်သုံးဦးတို့က ထီးပြိုင်နန်းပြိုင် စိုးစံခဲ့သည်။ မြို့များ၏ ပတ်ဝန်းကျင်တွင်လည်း စေတီပုထိုးများစွာကို ယနေ့တိုင်ဖူးမြော်နိုင်သည်။                                    

တိမ်တမန်