မင်းဘူးမြို့ပေါ်ရှိ ရေပေးဝေရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မင်းဘူး ၂၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပေါ်ရှိ ဒေသခံပြည်သူများ နေ့စဉ် သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနွဲ့အောင်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး ဖြန့်ဝေပေးနေသော ရေပေးဝေရေး လုပ်ငန်းများအလိုက် သွားရောက်ကာ ဒေသခံပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် သောက်သုံးရေကန်များ သန့်ရှင်းသပ်ရပ်စွာ စီမံဆောင်ရွက်ထားမှု ရှိ မရှိ၊ ရေပြတ်လပ်မှု မဖြစ်စေရေးအတွက် ရေလှောင်ကန်များတွင် ရေများဖြည့်တင်းထားမှု ရှိ မရှိနှင့် ရေပေးရေး လုပ်ငန်းသုံးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ နေ့စဉ်သောက်သုံးရေ ဖြန့်ဝေပေးမှု လုပ်ငန်းအနေဖြင့် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိပြီး အိမ်ခြေ ၄၇၂၅ အိမ်၊ လူဦးရေ ၂၄၄၅၄ ဦးရှိကာ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့် ရရှိရေးအတွက် အိမ်သွယ်ရေမီတာပေါင်း ၃၂၃၄ တိုင်၊ အိမ်သွယ်ရေတိုင်ပေါင်း ၂၆၂ တိုင်၊ ဌာနဆိုင်ရုံးများအတွက် ရေတိုင်ပေါင်း ၁၀၁ တိုင်၊ စုစုပေါင်း ရေတိုင် ၃၅၉၇ တိုင် သွယ်တန်း၍ တစ်ရက်လျှင် ရေဂါလံ ၆ ဒသမ ၈ သိန်းခန့် နေ့စဉ် ဖြန့်ဝေပေးလျက်ရှိပြီး နွေရာသီကာလ သောက်သုံးရေ အခက်အခဲ မဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)