မင်းဘူးမြို့၌ အောက်စီဂျင်စက်ရုံ စတင်လည်ပတ်

မင်းဘူး        စက်တင်ဘာ        ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် မင်းဘူးမြို့၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံမှာ စက်တင်ဘာ ၁၈ ရက် ညပိုင်းက စတင်လည်ပတ် စမ်းသပ်ထုတ်လုပ်ပြီဖြစ်ကြောင်း သိရသည်။

အောက်စီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO-30 Nm3/hour အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၄၀ လီတာဆံ့ အောက်ဂျီအိုး ငါးအိုး ထုတ်လုပ်နိုင်ကြောင်း၊ အောက်စီဂျင်များ စတင်စမ်းသတ်ထုတ်လုပ်နေမှုကို ခရိုင်/မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ အမြန်ဆုံး ဖြန့်ဝေပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အောက်စီဂျင်စက်ကို Sky Home ကုမ္ပဏီက တာဝန်ယူတပ်ဆင်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းဖြစ်ကာ ထွက်ရှိလာသော အောက်စီဂျင်များကို မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းက တာဝန်ယူဖြန့်ဝေ သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အရေးပေါ် လူနာများနှင့် ပြည်သူများ၏ အောက်စီဂျင် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)