မင်းဘူးခရိုင်အတွင်း ကျေးရွာ ၉ ရွာ၌ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး  ၇ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး စားနပ် ရိက္ခာဖူလုံစေရန်နှင့် ကျေးလက်ပြည်သူများ စွမ်းဆောင်ရည်မြှင့်မားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေများဖြင့် ကျေးရွာ ၉ ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

"မြစိမ်းရောင်စီမံကိန်းကို တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မတည်ပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်ရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ချေးငွေရယူဆောင်ရွက်နိုင်ကာ အတိုးနှုန်း ပြား  ၅၀ မှ တစ်ကျပ်ခွဲကြား ထည့်ဝင်၍ စီမံကိန်း သက်တမ်း (၃)နှစ်ပြည့်သည့်အခါ အတိုးရငွေ သိန်း(၁၀ဝ)ကျော်၏ ၅၀ ရာခိုင်နှုန်းအား ကျေးရွာ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း သုံးစွဲနိုင်ပါတယ်" ဟု မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြသည်။

 

အဆိုပါစီမံကိန်းကို မင်းဘူးခရိုင်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ယူနစ်ပေါင်း ၁၆၃ ယူနစ်၊  အကျိုးပြုကျေးရွာ ပေါင်း ၁၆၈ ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၉၉၀၃ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၉၃၂၉ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၂၅ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၁၀၇၉ ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦး စုစုပေါင်း ၂၀၈၆၆ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သန်း ၆၄၇၇ ဒသမ ၆၉ ကျော်အား ထုတ်ချေးထားကြောင်း ၎င်းချေးငွေများ၏ အတိုးရငွေများဖြင့် ကျေးရွာ ၉ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် လမ်းလုပ်ငန်း ၁ ခု၊ မီးလင်းရေးလုပ်ငန်း ၄ ခု၊ ရေပေးရေးလုပ်ငန်း ၁ ခု ၊ ရေဆိုး ထုတ်မြောင်း ၁ ခု နှင့် အခြားလုပ်ငန်း ၂ ခု စုစုပေါင်းလုပ်ငန်း ၉ ခု ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၄င်း က ပြောပြသည်။

 

မင်းဘူးခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်က ၃၆ ယူနစ် ၊ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်က ၄၅ ယူနစ်၊ ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်က ၃၉ ယူနစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ၁၄ ယူနစ် နှင့် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်က ၁၇ ယူနစ် စုစုပေါင်း ၁၅၁ ယူနစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၁၂ ယူနစ် အကျိုးပြုကျေးရွာ ၁၃ ရွာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သူရိန်(မင်းဘူး)