မင်းဘူး(စကု)မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့်  စိုက်ခင်းများ  ပြန်လည်စိမ်းစို လန်းဆန်းလာ

မင်းဘူး  ၂  နိုဝင်ဘာ 

      

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ မိုးသီးနှံစိုက်ခင်းများသည် နေအပူရှိန်များပြီး ခြောက်ရော်ပိန်လှီ နေရာမှ အခုရက်ပိုင်း သုံးလေးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် စိုက်ခင်းများ ပြန်လည်လန်းဆန်းပြီး စိမ်းစိုကာဖြစ်ထွန်းလာကြောင်း မကျီးသုံးပင်ကျေးရွာ မြေပဲစိုက် တောင်သူ ဦးအောင်ကျော်ဆန်းထံမှ သိရသည်။

     

"ကျွန်တော်တို့ စိုက်ခင်းအတော်များများဟာ ရာသီဥတုပူပြင်းပြီး နေအပူချိန် မြင့်မားတာကြောင့် သီးနှံအတော်များများ ပျက်စီးကြတယ်။ နှမ်းတွေလည်း ပျက်စီးပြီး မရလိုက်တဲ့ တောင်သူတွေများတယ်။ အခုဒီ မြေပဲတို့၊ ပဲကြီးတို့၊ နေကြာတို့ဆိုရင်လည်း အပင်တွေနွမ်းပြီး ခြောက်ကုန်ပြီ ကျွန်တော့်စိုက်ခင်းတောင် အောက်ဓာတ်ကောင်းလို့ စိမ်းစိမ်းစိုစိုလေး ကျန်နေတာ အခုရက်ပိုင်း မိုးဆက်တိုက်ရွာလိုက်တော့ စိုက်ခင်းသမားတွေ အဆင်ပြေသွားတာပေါ့ဗျာ။ မိုးရွာတာကလည်းများသားဗျ မိုးလည်လောက်က ဒီလိုရွာရင် တောင်သူတွေ လက်ထဲ ရွှေသီးပြီပေါ့ဗျာ။ အခုလက်ကျန် စိုက်ခင်းတွေလောက်တော့ ကောင်းပြီးရကြအုံးမှာပေါ့ ဗျာ '' ဟု မကျီးသုံးပင်ကျေးရွာမှ ပဲစိုက်တောင်သူ ဦးအောင်ကျော်ဆန်းက ပြောသည်။

     

မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုမှအသားတင် စိုက်ပျိုးမြေ ဧရိယာပေါင်း ၁၄၆၂၃၁ ဧကမှ စိုက်ပျိုးထားသော သီးနှံများမှာ မြေပဲ၊ နေကြာ၊ ပဲကြီး၊ နှမ်း၊ ပဲတီစိမ်း၊ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲစင်းငုံနှင့် အခြားသီးပင် စားပင်များလည်း စိုက်ပျိုးထားကာ မြေအောက်ရေနှင့် စိုက်ပျိုးကြသည့် သီးနှံများမှလွဲ၍ ကျန်စိုက်ခင်းများမှ သီးနှံတချို့တဝက်မှာ ရာသီဥတုဖောက်ပြန်၍ ပျက်စီးဆုံးရှုံးကြရကြောင်း တောင်သူများထံမှ သိရသည်။

 

ဇေယျာထက် (မင်းဘူး)