မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ခင်းများတွင် ပိုးမွှားကျရောက်နေမှုကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

မင်းဘူး ၁၁ ဇူလိုင်                    

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု မကျဆင်းစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မိုးသီးနှံစိုက်ခင်းများတွင် ရောဂါပိုးမွှား ကျရောက်နေမှုများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် ကွင်းဆင်းကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

“မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ NGOs အဖွဲ့အစည်းတွေဖြစ်တဲ့ Safe Crops ၊ My SFDA ၊ P4 ၊ MPRL E&P Co.ltd CSR တို့နဲ့ ပူးပေါင်းပြီး နှမ်းသီးနှံနဲ့ ပဲတီစိမ်းသီးနှံကို GAP စနစ်နဲ့ စိုက်ပျိုးလျက်ရှိပါတယ်၊ အဆိုပါစိုက်ခင်းတွေနဲ့ တောင်သူများရဲ့ မျိုးသန့်၊ မျိုးပွားစိုက်ခင်းတွေမှာရှိတဲ့ သီးနှံရောဂါ ပိုးမွှားကျရောက်နေမှု အခြေအနေတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ရွက်ဖြန်းအားဆေးများကို သုံးစွဲရမယ့် ဆေးအမျိုးအစားလိုက် နည်းစနစ်မှန်ကန်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးတို့ကို တောင်သူများနဲ့ တွေ့ဆုံပြီးတော့ အသိပညာပေးခြင်းနဲ့ လက်တွေ့သရုပ်ခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်းက ပြောသည်။

 

လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေး၊ သုတေသနနှင့် သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုးနည်းစနစ်များ လိုက်နာဆောင်ရွက်ရေး၊ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးပစ္စည်းများ သုံးစွဲမှုလျော့ချရေး၊ သဘာဝမြေဆွေး၊ သဘာဝပိုးသတ်ဆေးနှင့် ရွက်ဖြန်းအားဆေးများကိုသာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို တောင်သူများ အနေနဲ့ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးတို့ကို အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်မိုးရာသီ ဆီထွက်သီးနှံ ၇၀၇၇၅ ဧက၊ ပဲမျိုးစုံသီးနှံ ၅၁၇၉၇ ဧကတို့ကို လျာထားပြီး စိုက်ပျိုးဆောင်ရွက်လျက်ရှိသော်လည်း အချို့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် တောင်သူများအနေဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

မောင်မောင် (မင်းဘူး)