မန်စီးတီးအသင်းက လီရွိုင်းဆာနေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမည်

၂၂ ဇွန်

မန်စီးတီးအသင်းတောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး မန်စီးတီးအသင်းကလည်း ယခု ဘိုင်ယန်မြူးနစ်အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ပိုမပေးနိုင်ရင်တောင် စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေတဲ့ လီရွိုင်းဆာနေးဟာ မန်စီးတီးအသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုရေး နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့လည်း နည်းပြ ဂွါဒီယိုလာက ဇွန် ၁၉ ရက်မှာ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်း အနေနဲ့ လီရွိုင်းဆာနေးရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးမှု တစ်စုံ တစ်ရာပြုလုပ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဂျာမနီကြယ်ပွင့် လီရွိုင်းဆာနေးဟာ လက်ရှိမန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ် နွေရာသီကာလအတွင်းမှာ ကုန်ဆုံးမှာ ဖြစ်ပြီး လီရွိုင်းဆာနေးအနေနဲ့ ဇာတိမြေ ဂျာမနီကို ပြန်သွားဖို့ ဆန္ဒရှိနေတာကြောင့် လီရွိုင်းဆာနေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက် ပြီး မန်စီးတီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ လည်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက လီရွိုင်း ဆာနေးရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ပေးဖို့ စီစဉ်ထားတာဖြစ်ပြီး မန်စီးတီးအသင်း ကတော့ ၂၀၁၆ ခုနှစ်အတွင်းက ရှော်လ်ကေး အသင်းကနေ လီရွိုင်းဆာနေးကို ခေါ်ယူခဲ့စဉ်က ပေါင် ၃၇ သန်းပေးခဲ့ရတာ ဖြစ်တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ စာချုပ်သစ်အတွက် ဆွေးနွေးမှု မအောင်မြင် ခဲ့တာမို့ မန်စီးတီးအသင်းအနေနဲ့ ဘိုင်ယန် မြူးနစ်အသင်းထံ ဈေးနှုန်းတိုးမြှင့်ပေးဖို့ မတောင်းဆိုတော့တဲ့အပြင် ဆာနေးကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ နည်းပြဂွါဒီယိုလာက ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်