မံစီနှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မံစီမြို့နယ်၊ မံသာကျေးရွာအနီး၊ မံသာ-သံတံတားကျေးရွာသွား ကားလမ်းတွင် မျိုးမင်းဦး မောင်းနှင်ပြီး မရွှေဌေး လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမူး တုံရပ်ကွက်၊ အိမ်အမှတ်(ဟန/၆၄၈) နေစိုင်းအောင်သန်းထွေး (ခ) အောင်ထွေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၄၀၊ မြန်မာငွေ ကျပ် ၂၄၀၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၅၃၀ အချိန် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း လမ်းပေါ်တွင် ကျန်းခိုင်းချန့်အား မော်တော်ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်သွားကားလမ်း၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအထွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဂွန်ဆန်အောင် မောင်းနှင်လာသည့် Crown အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀၊ ဘိန်းဆီခဲ ၁ ဒသမ ၀၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေပိုင်းတွင် မရန်ရွှင်နေထိုင်သော မူဆယ်မြို့၊ မြောက်ရပ်ကွက်၊ အိမ်အမှတ်(မ/၃၀၉)အား ဝင်ရောက်ရှာဖွေရာ ၎င်းကိုလက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား