မြန်အောင်မြို့နယ် ကလေးစာပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

မြန်အောင် ၁၄ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဇေယျခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အမှာစကား ပြောကြားပြီး ကလေးစာပေပွဲတော်ပြိုင်ပွဲ အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များအား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း-ထွန်းဇော်ထွန်း(မြန်မာစာ)
ဓာတ်ပုံ-မန်းကျော်၊ ဇော်ဝင်းဗိုလ်