မမေ့မလျော့ မပေါ့သည့် သတိတရားဖြင့် နေ့စဉ်ရင်ဆိုင်

၈  ဧပြီ

စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများတွင် လုပ်ငန်းခွင်ဝင်ရောက်မှု ထက်ဝက်လျှော့ချခြင်း၊ ခရီးသွားလာမှုများနှင့် လူစုလူဝေးများကို ကန့်သတ်ခြင်းအပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ဒေသန္တရအမိန့်များ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မြို့ကြီးပြကြီးများတွင် ပုံမှန်အားဖြင့် ကျိတ်ကျိတ်တိုး စည်ကားနေသည့် မြင်ကွင်းများမှာ လှုပ်ရှားမှု အလျှင်းကင်းမဲ့သည့် မြင်ကွင်းများအဖြစ်သို့ တိတ်ဆိတ်စွာပင် ပြောင်းလဲသွားကြသည်။ ဤသို့သော မြင်ကွင်းများမှာ မိမိတို့ နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ မြို့ပြများတွင်လည်း ဤနည်းနှင်နှင်ပင်ဖြစ်သည်။

ကူးစက်မြန် ကပ်ရောဂါကို မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့ မသွားစေရန်အတွက် လတ်တလောတွင် အထိရောက်ဆုံး နည်းတစ်ခုဖြစ်သည့် လူတိုင်း အိမ်ထဲမှာနေစေပြီး မဖြစ်မနေ အခြေအနေမှသာလျှင် အိမ်ပြင်သို့ အကန့်အသတ်ဖြင့် သွားလာရခြင်းက အခြားတစ်ဖက်တွင် လူမှုရေး၊ စီးပွားရေးတို့ ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးတော့ရှိသည်။ သို့ရာတွင် ဝမ်းရေးထက် သေရေးရှင်ရေးက ပို၍ခက်သည့် အားလျော်စွာ ရောဂါရှောင်၍ အိမ်မှာနေနေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာစတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်မှ ဧပြီ ၇ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦး တွေ့ရှိထားပြီး ရောဂါနှင့်ဆက်နွှယ်၍ တစ်ဦးသေဆုံးထားသည်။ စောင့်ကြည့်လူနာအသစ်များ နေ့စဉ်ပေါ်ထွက်မှု၊ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုမှ ထွက်ပေါ်လာသည့် နေ့စဉ်ဓာတ်ခွဲအဖြေများအရ မိမိတို့ ပြည်သူတစ်ဦးချင်းတို့အနေဖြင့် ရောဂါကာကွယ်ရေးပညာပေး အချက်အလက်များကို ဂရုတစိုက်လိုက်နာကြရန် လိုအပ်သော်လည်း စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေမျိုး မဟုတ်သေးဟူ၍ ယူဆမိသည်။ ရောဂါကာကွယ်ရေးသည် ခေတ္တခဏမျှသာ မဟုတ်ဘဲ မြန်မာ့မြေပေါ်မှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး လုံးဝကင်းစင်သည့်နေ့အထိ အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းကျော်လွှားကြရမည်ဖြစ်ရာ မမေ့မလျော့ မပေါ့သည့် သတိတရားဖြင့် နေ့ရက်တိုင်းကို ရင်ဆိုင်ကြရမည်သာဖြစ်သည်။

မကြာမီကျရောက်လာတော့မည့် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလကို မိမိတို့၏ အိမ်ဂေဟာများမှာပင် နေထိုင် ကြရင်း ကုသိုလ်တစ်ခု နေ့စဉ်ပြုကာ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းကြရမည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ပျောက်ကွယ်မသွားသရွေ့ နေ့စဉ်ကျန်းမာရေးအသိဖြင့် သတိပြုကာ လူစုလူဝေးကို ရှောင်ရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး သုံးပေအကွာ ခပ်ခွာခွာနေရန်၊ မကြာမကြာ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ကြရန် နှိုးဆော်လိုသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားထုတ်ကြိုးပမ်းနေကြသည့် အချိန်အခါတွင် လူတိုင်းကိုယ်စီ မိမိကိုယ်ကို ကာကွယ်ကြခြင်းအားဖြင့် ကမ္ဘာ့ကပ်ရောဂါ မြန်မာ့မြေပေါ်မှ မြန်မကြာ မောင်းထုတ်နိုင်ပါစေကြောင်း။ ။

မြန်မာ့အလင်း