မလေးရှားနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

ကွာလာလမ်ပူ ၁၂ ဖေဖော်ဝါရီ

မလေးရှားနိုင်ငံ၏ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ နိုင်ငံအတွင်း၌ လာရောက်လုပ်ကိုင်လျက်ရှိ သည့် နိုင်ငံခြားသားအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ သတင်းများအရ သိရသည်။

မလေးရှားပြည်သူများအား ကာကွယ်ဆေး ပထမ ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်းရှိ နိုင်ငံခြားသားအလုပ်သမားများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ် ၏ အဓိကအရေးပါသောအချက်ပင်ဖြစ်ကြောင်း မလေးရှား နိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထောက်ပံ့ရေးကော်မတီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပါရှိသည်။

နိုင်ငံအတွင်းရှိဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများတွင် လာရောက် လုပ်ကိုင်လျက်ရှိသည့်နိုင်ငံခြားသားအလုပ်သမားများအကြားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ရသည့်အတွက် နိုင်ငံခြားသားအလုပ်သမားများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် မလေးရှား အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မလေးရှားပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သည့်ပတ်ဝန်းကျင်တစ်ခု ပြန်လည်ဖန်တီးနိုင်မည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံခြားသား အလုပ်သမားများသည် မလေးရှားပြည်သူများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက  ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အချို့သောနိုင်ငံများတွင်လည်း မလေးရှား ပြည်သူများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးသည်ကို တွေ့ရှိရပါကြောင်း မလေးရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထောက်ပံ့ပေးရေးကော်မတီက ဆိုသည်။

မလေးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိမှုပမာဏမှာ နိုင်ငံ့လူဦးရေပမာဏထက် ကျော်လွန်ပြီ ဖြစ်သည့်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ကာကွယ်ဆေးထိုးနှံပေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများအား ကာကွယ်ဆေး ထိုးနှံပေးမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်သည်။

Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအသုတ်ကို ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်စတင်မည့်ရက် (ဖေဖော်ဝါရီ ၂၆)မတိုင်မီ ရက်သတ္တတစ်ပတ်အလိုတွင် လက်ခံရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အက်ဒမ် ဘာဘာက ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် မလေးရှားအစိုးရက အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech တို့ထံမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၂ ဒသမ၈သန်းဝယ်ယူရန်သဘောတူညီခဲ့သည်။

အလားတူ Pfizer ကာကွယ်ဆေး အလုံးရေ ၁၂ ဒသမ ၂သန်းကို ထပ်မံဝယ်ယူရန် ဇန်နဝါရီလတွင် သဘောတူညီခဲ့ ကြောင်း သိရသည်။

ထို့ပြင်ရုရှားနိုင်ငံ ဂါမာလီယာသုတေသနအင်စတီကျူး မှ ထုတ်လုပ်သည့်ဆေးနှင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးရေပေါင်း ၁၈ ဒသမ ၄ သန်းကိုလည်း မလေးရှားအစိုးရက ဝယ်ယူခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၄၉၈၈ ဦးရှိပြီး သေဆုံးသူ ၉၃၆ ဦး ရှိကြောင်း သိရသည်။

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အောင်ကျော်ကျော်