မကွေးတိုင်းဒေသကြီးမှ မဲဆန္ဒရှင် ၃၂ သိန်းကျော်၏ မဲစာရင်းများကို ဇူလိုင် ၁၈ ရက်တွင် ကြေညာမည်

မကွေး ၁၁ ဇူလိုင်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မကွေးတိုင်းဒေသကြီးမှ မဲဆန္ဒရှင် ၃၂ သိန်းကျော် မဲပေးမည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်၌ ဒေသအလိုက် ရွေးကောက်ပွဲကော်မရှင် ရုံးခွဲများ၌ မဲစာရင်းကပ်၍ ကြေညာသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

 

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၈ ရက်ကို မဲစာရင်းကြေညာရမယ်လို့ ညွှန်ကြားလိုက်ပါပြီ။ မကွေးတိုင်းမှာ မဲဆန္ဒရှင်စာရင်း ပြုစုထားတာက ၃၂ သိန်းကျော် ရှိပါတယ်။ မဲစာရင်းကို ပြည်သူတွေ လာကြည့်တဲ့အချိန်မှာ နာမည်မပါတာ၊ အချက်အလက်တွေ မှားယွင်းတာ၊ ကန့်ကွက်ရန်ရှိတာတွေကို ဆောင်ရွက်နိုင်ဖို့ ပုံစံတွေကို ရပ်ကျေးကော်မရှင်တွေဆီ ဖြန့်ခွဲထားရှိပြီး ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦး (ဒုတိယညွှန်ကြားရေးမှူး)က ပြောသည်။

 

ဇူလိုင် ၁၈ ရက်မှစ၍ ပထမအကြိမ် မဲစာရင်းကြေညာမှုကို ၁၄ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီတွင် ဒုတိယအကြိမ် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် အမည်စာရင်းပါမှ မဲပေးခွင့်ရမည်ဖြစ်သည့်အတွက် ကိုဗစ်ကာလ၌ လူတိုင်းစေ့သွားမကြည့်ဖြစ်လျှင် အိမ်ထောင်ဦးစီးတာဝန်ရှိသူက မိသားစုများ မဲစာရင်းတွင် ပါ/မပါ ကြည့်ပေးကြစေလိုကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဆိုသည်။

 

လက်ရှိ မဲဆန္ဒရှင် ၃၂ သိန်းကျော်အပြင် တပ်မတော်မိသားစုများ မဲစာရင်းပါလာပါက စာရင်းကိန်းဂဏန်းများ တိုးလာဖို့ရှိနေကြောင်း၊ စာရင်းများကောက်ယူစဉ်က အသက် ၁၈ နှစ် ပြည့်မည့်သူစာရင်းကို ဒီဇင်ဘာ ၃၁ ရက်ထိ ပြုစုထားခဲ့သည့်အတွက် ရွေးကောက်ပွဲနေ့ နောက်ပိုင်း နိုဝင်ဘာ ၉ ရက်နှင့် ဒီဇင်ဘာ ၃၁ ရက်ကြား စာရင်းများကို ပြန်လည်ဖျက်နေရကြောင်း ကော်မရှင်မှ သိရသည်။

 

ကိုဗစ်ကပ်ရောဂါကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူများ မဲစာရင်းကြည့်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် မဲစာရင်းနှင့်ပတ်သက်၍ မိမိတို့၏ လိုလားချက်များကို ချက်ချင်းပြောဆို တောင်းခံနိုင်ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရှိရသည်။

 

မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပါတီများထဲမှ တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ် (၅၀)ဦး၊ အမျိုးသားလွှတ်တော်အတွက် (၁၂)ဦး၊ ပြည်သူ့လွှတ်တော်အတွက် (၂၅)ဦး၊ တိုင်းရင်းသားအတွက် ကိုယ်စားလှယ် (၁)ဦး စုစုပေါင်း (၈၈)နေရာအတွက် ရွေးချယ်ပေးကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ဇေယျတု(မကွေး)