မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲသို့ တက်ရောက် 

မကွေး ဒီဇင်ဘာ ၉

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦစီးဌာန၊ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉  ရက် နံနက် ၉ နာရီက အမှတ်(၅) စက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။ 

ဦးစွာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က  ယနေ့ သင်တန်းဖွင့်ပွဲ အခမ်းအနားသည် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနှင့် လူမှုစီးပွားရေးတိုးတက်မှုတို့အတွက် စီးပွာရေးမူဝါဒ (၁၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနှင့်တန်းတူ တန်ဖိုးထားသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အများဆုံးဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့ရှိရကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်သည် (Human Capital) ဟုခေါ်သည့် လူသားအရင်းအနှီးများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုနေတာကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည် စီမံကိန်းများ စနစ်တကျ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုပညာရပ်များကို ကျွမ်းကျင်တက်မြောက်ထားမှသာ လယ်ယာလုပ်ငန်းကို အခြေပြုလုပ်ကိုင်နေရသည့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများမှ စီးပွားဖြစ် စိုက်ပျိုးရေး/မွေးမြူရေး ကုန်ထုတ်လုပ်ငန်းကြီးများအဆင့်သို့ တက်လှမ်းနိုင်ပြီး စက်မှုလယ်ယာအဆင့်သို့ ကူးပြောင်းလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းဆရာ/ဆရာမများ အနေဖြင့်လည်း သင်တန်းသား/သူများအား သင်ကြားပို့ချရာတွင် နိုင်ငံတကာပညာရေး စံချိန်စံညွှန်း သတ်မှတ်ချက်များကို အခြေခံပြီး နိုင်ငံတော်၏ လူမှုစီးပွားရေးအခြေအနေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာ မြှင့်တင်သင်ကြားပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ဆက်လက်၍ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာကြီး ဦးမိုးမင်းထွဋ်က သင်တန်းသို့ သင်တန်းသား/သင်တန်းသူများ တက်ရောက်မှုအခြေအနေနှင့် သင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့် သင်ခန်းစာများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနအကြီးအကဲများက သင်တန်းသား/သင်တန်းသူများ လက်တွေ့သင်ကြားပို့ချမည့် သင်တန်းခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်းတွင် စာတွေ့(၃၀%) လက်တွေ့(၇၀%) လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအမှတ်စဉ်(၁၀)သို့ သင်တန်းသား/သင်တန်းသူ (၁၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ