မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆေးတက္ကသိလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု

မကွေး ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါကာ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီက မကွေးဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး (၄)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆေးတက္ကသိုလ်(မကွေး)ရှိ ဆရာ ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်မှ ကျောင်းမြေအကျယ်အဝန်း၊ ကျောင်းမြေအတွင်း အဆောက်အဦများ တည်ဆောက်မှု အခြေအနေ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များအား ညွှန်ကြားဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများ၏ အငှားအိမ်ရာ ငှားရမ်းနေထိုင်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးပါရန် တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်ကြားရေးဆေးရုံ(မကွေး) အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မကွေးလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိရာ လေတပ်စခန်းဌာနချုပ်မှူးမှ စိုက်ပျိုးလုပ်ကိုင်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ဆိုလာစနစ်ဖြင့် ရေတွင်းတူးဖော်ကာ စိုက်ပျိုးလုပ်ကိုင်နေမှုနှင့် ထန်းရည်များဖြင့် ချင်းထန်းလျက်များ  ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ