မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်မှ အခြေခံစားသုံးဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်

မကွေး   ၈   ဧပြီ     

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းသား ပြည်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရ ခြင်းမရှိစေရေးအတွက် ညှိနှိုင်းထိန်းသိမ်းရန်  ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်နေသည့် ကာလ၌ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများသည် ဧပြီလ ၇ ရက် နံနက်ပိုင်းက မကွေးမြို့နယ် သမဝါယမအသင်းစုပိုင် ဆီစက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက စားသုံးသူပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေစေရန်၊ စားသုံးဆီ လာရောက်ဝယ်ယူသည့် ပြည်သူများအား လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၃ ပေကွာမှ ဝယ်ယူစေခြင်းတို့အပြင် ဈေးနှုန်းချိုသာစွာဖြင့် စေတနာထား ရောင်းချပေးနိုင်ရေးတို့အား လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှုး ဦးဇော်မင်းနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်၊ အသင်းစုဥက္ကဌ ဦးစံကျော်ဝင်းနှင့်အတွင်းရေးမှူး ဦးကံသိန်းတို့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် သမဝါယမမိသားစုများမှ ငွေကျပ်(၅၃၉၀ဝ၀)အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)