မကွေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ နေအိမ်နှင့်လမ်းများပေါ် သစ်ပင်လဲပြိုကာ လမ်းပိတ်ဆို့နေမှုများအား ရှင်းလင်းဆောင်ရွက်

မကွေး   ၃  သြဂုတ်    

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း သြဂုတ် ၃ ရက် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာ၊   Family ကိုယ်ပိုင် အထက်တန်းကျောင်း အရှေ့ဘက် မကွေး - ကန်ပြား ကားလမ်းပေါ်တွင်  လုံးပတ် (၃) ပေခွဲခန့်၊  အမြင့်ပေ (၅၀) ခန့်ရှိ စိန်ပန်းပင် တစ်ပင်သည်  မိုးရွာသွန်းမှုကြောင့် မြေပျော့၍  အမြစ်မှ လဲကျကာ လမ်းပိတ်ဆို့နေသဖြင့် မကွေးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ် ဆယ်ရေးယာဉ်တစ်စီးဖြင့် သွားရောက်ပြီး ရှင်းလင်းဖယ်ရှားပေးခြင်း၊ မကွေးမြို့  လမ်းငါးသွယ်အဝိုင်း ပတ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာရုံးရှေ့ရှိ အကျယ်(၅)ပေခွဲ ခန့်၊ အနက်(၅)ပေခန့်ရှိ      ရေမြောင်းအတွင်း အမှိုက်သရိုက်များ၊ သဲမြေများ ပိတ်ဆို့ကာ ရေစီးရေလာ မကောင်းဘဲ လမ်းမပေါ်သို့ ရေများစီးဆင်း ဝင်ရောက်နေသဖြင့် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မကွေးမြို့၊ ရန်ကင်း (၃) လမ်းတွင် လုံးပတ် (၃) ပေခွဲခန့်၊ အမြင့်ပေ (၄၀) ခန့်ရှိ ပိတောက်ပင်မှ လုံးပတ် (၁) ပေခန့်၊ အလျားပေ (၂၀) ခန့်ရှိ သစ်ကိုင်းပဲ့ကျ၍  လမ်းပိတ်ဆို့နေမှုတို့အား မကွေးခရိုင်/မြို့နယ်မှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ   အုပ်စု (၂) စုခွဲ၍   ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

အလားတူ မကွေးမြို့နယ် မကြီးကန်အုပ်စု၊   မကြီးကန်ကျေးရွာတွင်     မိုးရွာသွန်းမှုကြောင့်      လုံးပတ် (၂) ပေခွဲခန့်၊ အမြင့်ပေ (၅၀) ခန့်ရှိ  ကင်ပွန်းချဉ်ပင် တစ်ပင် အမြစ်မှလဲကျကာ ကျေးရွာနေ ဦးနေအောင်လင်း နေအိမ်ပေါ်သို့ ပိမိနေခြင်း၊ လုံးပတ် (၅) ပေ၊ အမြင့် (၃၅) ပေခန့်ရှိ   ကုလားမန်ကျည်းပင်မှ လုံးပတ် (၂) ပေ၊ အလျား (၂၅) ပေခန့်ရှိ သစ်ကိုင်းပဲ့ကျ၍ ကျေးရွာနေ ဒေါ်ဌေး၏ နေအိမ်အမိုးပေါ်တင်နေခြင်းတို့အား မကွေးခရိုင်/မြို့နယ်မှ  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီးဖြင့် သွားရောက်၍   Chain Saw၊ ဓားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)