မကွေးမြို့ရှိ ဆားချောထုတ်လုပ်ငန်းများ ထုတ်လုပ်မှုလျော့ကျ

မကွေး၊  ၁၄ ဇန်နဝါရီ

 

မကွေးမြို့ရှိ တစ်နိုင်တစ်ပိုင် ဆားကြမ်းမှ ဆားချောထုတ်လုပ်သည့် မိသားစုလုပ်ငန်းများမှာ နေ့စဉ် ဆားပိဿာချိန် ၂၅၀ ခန့် ထုတ်လုပ်ရောင်းချနေရာမှ ကိုဗစ်ကာလတွင် ပိဿာ ၁၀၀ ခန့် လျှော့ချထုတ်လုပ်နေရကြောင်း အောင်မေတ္တာ(ဘူတာ) ရပ်ကွက်ရှိ ဆားချက်လုပ်ငန်းမှ သိရသည်။


“အောက်ပြည်အောက်ရွာက မော်တော်တွေနဲ့ ဆားကြမ်းတွေ လာရောင်းပါတယ်။ မြို့ပေါ်က ပွဲရုံတွေမှာလည်း ဝယ်လို့ရတယ်။ ဆားအကြမ်းကိုချက်ပြီး ဆားချော ပြန်ထုတ်တာပါ။ ကိုဗစ်မတိုင်ခင်ကတော့ တစ်နေ့ကို ပိဿာ ၂၅၀ ကျော် ထုတ်တယ်။ အခုကိုဗစ်ကာလမှာ ကျောင်းတွေပိတ်ထားတော့ စားသောက်ဆိုင်တွေကလည်း ဆားသုံးတာ လျော့သွားတယ်။ တစ်ရက်ကို အချိန် ၁၅၀ ကျော်လောက်ပဲ ချက်ဖြစ်တယ်။ ကျောင်းတွေပြန်ဖွင့်ရင်၊ ကိုဗစ်ပြီးလို့ အလှူ၊ မင်္ဂလာဆောင်တွေ ပြန်လုပ်ကြရင်တော့ ပုံမှန်ပြန်ပြီး ထုတ်လုပ်နိုင်မှာပါ ” ဟု ဆားချောထုတ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေး​ဝေ က ပြောပြသည်။


ဆားချောထုတ်လုပ်မှု လျော့ကျနေချိန်တွင် မကွေးဒေသတွင်း၌ ပဲအထွက်နှုန်းလျော့ကျခြင်း၊ တရုတ်သို့တင်ပို့ ရန်ဟုဆိုကာ ဝယ်ယူစုဆောင်းနေခြင်းများ ရှိနေခြင်းတို့ကြောင့် လောင်စာအဖြစ်သုံးရသည့် ပဲခွံဈေးမှာ ယခင်က ဖောကားတစ်စီးလျှင် ကျပ်တစ်သောင်းကျော်ပေးနေရာမှ လတ်တလောတွင် ကျပ်နှစ်သောင်းကျော်ထိ မြင့်တက် လာကြောင်း သိရသည်။

 

ဆားချက်လုပ်သည့်လုပ်ငန်းတွင် ဆားကုန်ကြမ်း ဝယ်ယူခြင်း၊ ဆားအချိန်ပိဿာ ၅၀ ကို ရာဝင်အိုးထဲထည့်ကာ ရေဖြည့်မွှေ၍ တစ်ညသိပ်ခြင်း၊ ကုန်ကြမ်းမှပါလာသည့် ဖုတ်၊ သဲ၊ အမှိုက်များ အနည်ကျသွားပါက စဉ့်အိုး အောက်ခြေနှင့် တစ်မိုက်ခန့်အကွာမှ ရေပိုက်ဖြင့် ဆားကြမ်းရည်များကို စုပ်ယူကာ သန့်စင်သော ဆားစိမ်ရည်များကို အခြားစဉ့်အိုးတွင် ပြောင်းထည့်ခြင်းများ လုပ်ဆောင်ရသည်။

 

မီးအားပြင်း၍ ဆားချိုးမကပ်စေရန် ပဲခွံလောင်စာ အစိုနှင့် အခြောက်ကို ရော၍သုံးရကြောင်း၊ ဆားကန်အပေါ်တွင် ချိတ်ဆွဲထားသော ကန်တော့ပုံဆားအိတ်ထဲသို့ ချက်ပြီးဆားများကို ခပ်ထည့်ကာ ဆားချက်ကန်အပူဖြင့် ရေကို စစ်ထုတ်ကြောင်း၊ ဆားကြမ်းပိဿာ ၅၀ ချက်လျှင် ဆားချော ၄၆ ပိဿာခန့် ပြန်ရပြီး အိုင်အိုဒင်းထည့်၊ တံဆိပ်ကပ် ထုပ်ပိုးကာ တစ်ပိဿာ ကျပ် ၈၀၀ ဈေးဖြင့် မြို့ပေါ်ရှိ ဈေးများကိုဖြန့်ချိကြောင်း ဇမ္ဗူထွန်း ဆားချက်ဖိုပိုင်ရှင် ဦးခင်မောင်မြင့် ထံမှ သိရသည်။

 

ဇေယျတု(မကွေး)