မကွေးမြို့မှ ပြည်တော်ပြန် စောင့်ကြည့်များအား ဂီတဖြင့် ဖျော်ဖြေမည်

မကွေး ၄  ဧပြီ

နိုင်ငံရပ်ခြားတွင် ဝမ်းစာရေးအတွက် အလုပ်လုပ်ကာ ပြည်တော်ပြန် ဝင်ရောက်လာသည့် သူများအား မကွေးမြို့ရှိ Quarantine Camp နေရာ(၃)ခုတွင် ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ၁၄ ရက်တာ စောင့်ကြည့်ထားသည်မှာ ၁၀ ရက်ကျော် လာပြီဖြစ်ပြီး ၎င်းတို့ကို ဂီတဖြင့်ဖျော်ဖြေရန် လုပ်ဆောင်သွာမည်ဖြစ်ကြောင်း မကွေးပရဟိတဦးဆောင်သူ ကိုမိုးထံမှ သိရသည်။

 

အဆိုပါဖျော်ဖြေမှုကို ယနေ့ ဧပြီ ၄ ရက်နေ့ ညပိုင်းမှစတင်သွားမည်ဖြစ်ပြီး ပညာရေကောလိပ်ရှိ Quarantine Camp တွင် ဦးစွာဖျော်ဖြေကာ ကျန်နေရာများ၌လည်း တစ်ရက်စီ လုပ်ဆောင်သွားမည်ဖြစ်သည်။

 

“၁၁ ရက်ရှိပြီမို့ သူတို့ရဲ့စိတ်ကို သာယာကြည်နူးစေလိုတဲ့ ရည်ရွယ်ချက်ပါ။ ဒီညတော့ ဂီတမှူး ဆရာ ခင်မောင်ဝင်း၊ ဆိုကရေးတီး ရွှေတံဆိပ်ဆုရှင် အပါအဝင် အဆိုတော် ၄ ဦး နဲ့ ဖျော်ဖြေပါမယ်။ စီစဉ်တာကတော့ ဂီတသမားတွေ စီစဉ်တာပါ။ ကျွန်တော်က လုပ်ချင်တဲ့ပုံစံလေး ပြောလိုက်တာပါ ” ဟု မကွေးပရဟိတ ကိုမိုး က ပြောသည်။

 

အစီအစဉ်မှာ Stage Show ပုံစံမဟုတ်ဘဲ စောင့်ကြည့်များထားရာ အစောင်နှစ်ခုကြား၌ ဖျော်ဖြေသီဆိုသွား မည်ဖြစ်ပြီး စောင့်ကြည့်စခန်းများမှာ မကွေးမြို့ပြင်၌ ရှိသည့်အတွက် ပတ်ဝန်းကျင်ဆူညံမှုများလည်း ရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။

 

 “သူတို့ အိမ်ကို အရမ်းသတိရနေမှာပဲ။ အားငယ် ကြောက်ရွံ့တဲ့စိတ်တွေလည်း ဖြစ်နေမှာပဲ။ ဒီလိုဖျော်ဖြေမှု လေးက သူတို့စိတ်ကို အထိုက်အလျောက်တော့ သက်သာစေမှာပါ ” ဟု မကွေးဒေသခံ ကိုဌေးလွင် က ဆိုသည်။

 

မကွေးမြို့တွင် နိုင်ငံရပ်ခြားပြန်စောင့်ကြည့်ထားသူ ၂၉၇ ဦးရှိပြီး Quarantine Camp များဖြစ်သည့် ကွန်ပျူတာ တက္ကသိုလ်တွင် (၇၀)၊ ကျန်းမာရေးတက္ကသိုလ်တွင် (၇၅)ဦး နှင့် ပညာရေးကောလိပ်တွင်(၁၅၂)ဦး ရှိကြောင်း အုပ်ချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်များအရ သိရှိရသည်။

ဇေယျတု(မကွေး)