မကွေးမြို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဆောင်းခိုငှက်များ အုပ်စုဖွဲ့ရောက်ရှိလာသဖြင့် ထိန်းသိမ်းစောင့်ရှောက်စေလို

မကွေး ၄ ဒီဇင်ဘာ

 

မကွေးမြို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဆောင်းခိုငှက်များ အုပ်စုဖွဲ့ရောက်ရှိလာကြသဖြင့် ငှက်မျိုးများ ပျောက်ပျက်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ဒေသခံအချို့က ဆိုသည်။

 

" ဒီဇင်ဘာလ လလယ်လောက်က  မိုးရွာခဲ့ပြီးနောက်ပိုင်းမှာ အတွေ့မြင်ရများလာတယ်။ မနှစ်ကနဲ့ ဒီနှစ် ဆောင်းမှာ တော်တော်များတွေ့လာတယ်။ ဟိုးအရင်နှစ်တွေ တွေ့ရနည်းတယ်" ဟု မကွေးမြို့မှ အသက် ၅၀ ခန့် ဒေသခံတစ်ဦးက ပြောသည်။

 

ငှက်ဖမ်းသမားများ၏ ထောင်ဖမ်းခြင်း ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ဆောင်းခိုငှက်များ ဘေးလွတ်ရာသို့  ပြောင်းရွှေ့ကျက်စားနေကြသည့်အပြင် တချို့ဘုရားပရိဝုဏ်နား ဈေးများတို့တွင် ငှက်အရှင် ရောင်းချနေခြင်းများ တွေ့ရသည်ဟု ၎င်းကဆိုသည်။

 

မကွေးမြို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကျက်စားလေ့ရှိနေသော ဆောင်းခိုငှက်များမှာ မိုးနည်းပါးသွားသည့် ကာလအလွန်မှ တော်သလင်းလဆုတ်နှင့် သီတင်းကျွတ်လဆန်းပိုင်းတွင် လာရောက်ကာ မိုးစရွာသွန်းသည့် ကဆုန်လပြည့်ကျော်နှင့် နယုန်လဆန်းပိုင်းတွင် မြစ်၊ ချောင်း၊ အင်းအိုင်များမှ   အခြားနေရာ သို့ ပြောင်းရွှေ့လေ့ရှိကြကြောင်း  သိရသည်။

 

မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ အမြောက်အမြားရှိပြီး ငှက်မျိုးစိတ်ပေါင်း ၁ဝဝဝ ကျော် တွေ့ရှိရကာ ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ် အကြွယ်ဝဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ငှက်မျိုးစိတ်များသည် နှစ်စဉ် ဆောင်းရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ဆောင်းခိုလေ့ရှိသည်။ ယင်းဆောင်းခိုငှက်များ နေထိုင်ရာ မြောက်ဘက်အရပ်ဒေသ၌ အလွန်အေးသောကြောင့် ပူနွေးသော ရာသီဥတုရှိသည့် မြန်မာနိုင်ငံကဲ့သို့ အရပ် ဒေသများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ကြခြင်း ဖြစ်သည်ဟု လေ့လာသိရှိရသည်။

 

ဆောင်းခိုငှက်များသည် ခရုစုပ်နှင့် ခရုတုပ်ကဲ့သို့သော ဆောင်းခိုငှက်များသည် စိုက်ပျိုးသီးနှံများကို ပျက်စီး ဆုံးရှုံးစေသည့် ခရုမျိုးများကို စားခြင်းဖြင့် လယ်ယာလုပ်ငန်းကို တစ်ဖက်တစ်လမ်းက အထောက်အကူပြု ပေးသည်။ ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ကမ်းရိုးတန်းတို့၌ ဆောင်းရာသီ တွင် ယှဉ်တွဲတွေ့ရှိရသည့် မြစ်ချောင်းများ၏ အဆင်တန်ဆာများ ဖြစ်၍ ရှေးဘိုးဘေးများ အစဉ်အဆက် စောင့်ရှောက်ခဲ့ခြင်းကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်သည်။

 

နွေးထွေးမှုရှိသော နေရာများသို့ ခေတ္တအလည်လာသည့် ဆောင်းခိုငှက်များ ယင်းတို့၏ မူလနေရာသို့ ဘေးကင်းလုံခြုံစွာဖြင့် ပျံသန်းနိုင်အောင် ပြည်သူများက ဝိုင်းဝန်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဇွဲထက်ရှင်

 

IMG_20190104_125916