မက်ဒီဆင်နဲ့ ဘန်ချီဝဲလ်ကိုခေါ်ယူဖို့ မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ပေးရန်စီစဉ်

၁၂ အောက်တိုဘာ

 

မန်ယူအသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား မက်ဒီဆင်နဲ့ နောက်တန်းကစားသမား ဘန်ချီဝဲလ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ပေးပြီးခေါ်ယူဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

မန်ယူအသင်းဟာ လက်ရှိမှာ ပရီမီယာလိဂ်အမှတ် ပေးဇယားမှာ တန်းဆင်းဇုန်အထက် နှစ်မှတ်အကွာနဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အသင်းရဲ့ အားနည်းချက်တွေရှိနေတဲ့ ကွင်းလယ်ပိုင်းနဲ့နောက်တန်း ခံစစ်ကြောင်းကို အားဖြည့်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။

 

မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့လက လက်စတာစီးတီးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် ကတည်းက ကွင်းလယ်ကစားသမား မက်ဒီဆင်ရဲ့ခြေစွမ်းကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နည်းပြဆိုးရှားကလည်း ကွင်းလယ်ကစားသမား ပေါ့ဘာအသင်းကနေ ထွက်ခွာမှာဖြစ်လို့ မက်ဒီဆင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

 

လက်ရှိမှာမန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နောက်တန်းကစားသမား ဘန်ချီဝဲလ်ကို စပါးအသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တဲ့အတွက် အပြောင်းအရွှေ့ နှစ်ရာသီကစားသမား ခေါ်ယူမှု ပိတ်ပင်ခံထားရတာဖြစ်ပြီး အသင်းရဲ့လိုအပ်နေတဲ့ နောက်တန်းခံစစ်အတွက် အားဖြည့်ဖို့ ဘန်ချီဝဲလ်ကိုခေါ်ယူရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

 

မန်ယူအသင်းနည်းပြ ဆိုးရှားကတော့ အသင်းရဲ့ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့တာကြောင့် လာမယ့်အပြောင်းအရွှေ့ နှစ်ရာသီအတွင်းမှာ ကစားသမားရှစ်ဦးအထိ ခေါ်ယူဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

ငွေကြယ်-ရေးသားသည်