မြို့တော်ရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး

တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ - နေလင်း

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေး၊ ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စက်မှုဇုန်အသစ်များ ပေါ်ထွန်းလာစေရေး၊ လျှပ်စစ်မီးရရှိရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူတို့၏ လူမှုစီးပွားဘ၀ ဘက်စုံ ကဏ္ဍစုံ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် အောင်မြင်မှုများရှိသကဲ့သို့ အခက်အခဲ စိန်ခေါ်မှုများလည်း ရှိသည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည် -

 

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုမဖြစ်အောင် ဆောင်ရွက်ထားရှိမှုကို သိပါရစေရှင့်။

 

ဖြေ။ ။ ရေကြီးရေလျှံမှုက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက မြစ်၊ ချောင်းတွေရဲ့ ရေကြီး ရေလျှံမှုကြောင့် ရေကြီးရတဲ့ကိစ္စတစ်ခု ရှိပါတယ်။ နောက်တစ်ခုက စည်ပင်သာယာ ရေနုတ်မြောင်းတွေကြောင့် မိုးရွာတဲ့အချိန်မှာ ရေလျှံတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေနှစ်ခုလုံးကို အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

 

ယခင်တုန်းက ရန်ကုန်တိုင်းဒေသကြီးက ရေကြီးရေလျှံတဲ့ တိုင်းဒေသကြီးတစ်ခုအဖြစ် ပါဝင်ခဲ့ရာကနေပြီး ၂၀၁၇-၂၀၁၈ နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ယခုအချိန်မှာ ရေကြီးရေလျှံမှုဆိုးရွားတဲ့ တိုင်းဒေသကြီးထဲမှာ မရှိတော့ပါဘူး။ ထောက်ကြံ့နဲ့ လှည်းကူး ဘက်တွေမှာ ရေကြီးရေလျှံမှုတွေ ရှိခဲ့ပါတယ်။ ချောင်း၊ မြောင်းတွေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပါတယ်။ တစ်ဖက်မှာ ဧရာဝတီမြစ်ကြောင့် အဖျောက်ဘက်မှာ ၂၀၁၆ ခုနှစ် မေ၊ ဇွန်နဲ့ ဇူလိုင် မိုးတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

 

ဒီအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ ဘတ်ဂျက်အပေါ်မူတည်ပြီး ရေကြီးရေလျှံမှုကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ရေနုတ်မြောင်းတွေမှာ အမှိုက်ကင်းစင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုရှိမှသာလျှင် ဒီကိစ္စက အောင်မြင်မှုပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ယခုအချိန်အထိ အသိပညာပေးရင်း တစ်ဖက်ကလည်း အမှိုက်ကင်းစင်အောင် ဖြေရှင်းရင်းနဲ့ ဆောင်ရွက်နေပါတယ်။

 

မြောင်းတွေရဲ့ အကျယ်အဝန်းက ရန်ကုန်မြို့ပြနေထိုင်တဲ့ လူဦးရေနဲ့ ကိုက်ညီတဲ့ ရေနုတ်မြောင်းတွေ အဖြစ် ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀ ကျော်နဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ဒီလိုနောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေကင်းစင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါက ကျန်းမာရေးအတွက် အရေးကြီးတဲ့ အကြောင်းအရာ (Issue) တစ်ခု ဖြစ်ပါတယ်။ နောက်ဖေး လမ်းကြားမှာရှိတဲ့ ရေနုတ်မြောင်းတွေ ကောင်းမွန်ဖို့အတွက် မိလ္လာစနစ်နဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုကို (JICA) ရဲ့ (Master plan) တွေကို ဆောင်ရွက်နေပါတယ်။ နောက် ဖေးလမ်းကြားမှာရှိတဲ့ မိလ္လာစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးစားဆောင် ရွက်နေပါတယ်။

 

ဒါက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဒို့အိမ်လို အဖွဲ့အစည်းမျိုးတွေကနေပြီး ပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အမှိုက်တွေနဲ့ ပတ်သက်ရင် (Clean Yangon) လို အဖွဲ့အစည်းမျိုးကနေ ရန်ကုန်မြို့ရဲ့ သန့်ရှင်းရေး ပိုင်းတွေမှာ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ရန်ကုန်မြို့ရဲ့ အမှိုက်စနစ်ကို ပိုကောင်းအောင် ကြိုးစားနေပါတယ်။ အမှိုက်နဲ့ပတ်သက်ရင်လည်း အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့ လိုအပ်သလို နောက်ဆုံးအဆင့်မှာ အမှိုက်ကို စနစ်တကျ ဖျက်ဆီးပစ်နိုင်ဖို့အတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို ပိုလန်နိုင်ငံရဲ့ အကူအညီနဲ့ အမှိုက်ကို နောက်ဆုံးအမှိုက်ပုံ မှာ စနစ်တကျ ဖျက်ဆီးပစ်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အမှိုက်ပုံတွေက ပူပြင်းတဲ့ကာလတွေမှာ မီးလောင်ကျွမ်းမှု ဖြစ်နိုင်ပါတယ်။

 

အမှိုက်ကို မီးရှို့ပြီး လျှပ်စစ်ထုတ်လုပ်နိုင်မှုကို ဘက်ပေါင်းစုံကနေ လေ့လာဆန်းစစ်ပြီး ကြိုးစား ဆောင်ရွက်နေပါတယ်။ ထိန်ပင် အမှိုက်ပုံကို ပိုလန်နဲ့ဆောင်ရွက်ဖို့ သဘောတူညီပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ချေးငွေရယူရေး ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ မကြာခင် ဒီစနစ် တွေကို စနစ်တကျ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။

 

ရေစီးရေလာနဲ့ ပတ်သက်ရင် ရေနုတ်မြောင်းတွေဟာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ နေထိုင်မှုနဲ့ အရွယ်အစား ပမာဏ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ် ချောင်း သုံးခုဆုံတဲ့နေရာမှာ ရန်ကုန်မြို့က တည်ရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ကုန် မြစ်ဟာ ပင်လယ်ထဲကို စီးဝင်သွားတဲ့နေရာမှာ ပင်လယ်ကနေ ဒီရေတက်တဲ့အချိန်ကာလ တွေမှာ ရေကြီးရေလျှံမှုတွေကို ထိန်းနိုင်ဖို့ လိုပါတယ်။ စနစ်တကျ ရေကို စွန့်ပစ်နိုင်ဖို့အတွက် ပန့်စနစ်တွေကို တပ်ဆင်ဆောင်ရွက်သွားနိုင်ဖို့ လေ့လာဆန်းစစ်မှုတွေနဲ့အတူ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလအတွက် လိုအပ်တဲ့ တင်ဒါခေါ်ယူမှု၊ အကြံပေးအဖွဲ့ ခေါ်ယူမှု ဒါတွေကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

မေး။ ။ လမ်းပန်းဆက်သွယ်ရေးနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ဆောင်ရွက်နေမှု တွေကို သိချင်ပါတယ်ရှင့်။

 

ဖြေ။ ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့၊ လမ်းတွေကို ပိုပြီး ပြည်သူလူထုတွေ သွားရေး လာရေး အဆင်ပြေချောမွေ့စေဖို့ လမ်းတွေ အရည်အသွေးကောင်းအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ လမ်းပန်းဆက်သွယ် ရေးတွေမှာ အဓိက မြို့ချင်းဆက်ထားတဲ့ လမ်းမကြီးတွေ ကောင်းမွန်ဖို့၊ ရွာချင်းဆက် တဲ့ လမ်းတွေ ရှိနေနိုင်ဖို့နဲ့ ရာသီမရွေးသွားလာ နိုင်တဲ့ လမ်းတွေဖြစ်အောင် အဆင့်မြှင့်တင် နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေချပြီး ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုက တာဝန်ပေးအပ်လိုက်တဲ့ အချိန်မှာ စပြီးပုံဖော်ခဲ့တဲ့ အဓိကရည်ရွယ်ချက်တွေက လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့နဲ့ လျှပ်စစ်မီးပြည့်ပြည့်၀ဝရရှိဖို့ ပြည်သူလူထုကို ရေလုံလုံလောက်လောက် ပေးဝေနိုင်ဖို့ဆိုတဲ့ အစီအစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါ တယ်။

 

မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ မြို့တော်စည်ပင်သာယာ ဧရိယာမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာ ရှိနေတဲ့ မြို့နယ် ၁၂ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အတွက် လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်အောင် ဆက်လက်ပြီး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 

ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ဖို့ ယာဉ်ကြောကျွမ်းကျင် အင်ဂျင်နီယာတွေနဲ့ သေသေချာချာ တွက်ချက်ပြီး လမ်းတွေကို ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နေတဲ့အတွက် အတိုင်းအတာတစ်ခုထိ ပြေလည်မှုရပေမယ့် အလုံးစုံ ပြေလည်မှုအဆင့်အထိ မရရှိသေးပါဘူး။ မီးပွိုင့်တွေကို ပိုပြီးကောင်းနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ တစ်ဖက်ကလည်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကောင်းမွန်လာ ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ဖို့ကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် YBS ကနေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ စနစ်ဖြစ်ဖို့ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကလည်း အတိုင်းအတာတစ်ခုအထိ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ အခြေအနေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။

 

သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ရင် လေးနှစ်တာကာလအတွင်းမှာ Taxi စနစ်ဟာ တော်တော်လေးကို စိန်ခေါ်မှုကြီးခဲ့တဲ့ အခြေ အနေတစ်ခုဖြစ်ပါတယ်။ စီးသူရော၊ မောင်းသူ ရော လုံခြုံစိတ်ချရမှုကို စိန်ခေါ်နေသလိုမျိုး ကြုံနေရတဲ့ အခြေအနေကနေ ဆော့ဖ်ဝဲလ် စနစ်နဲ့ Taxi ကို စီးနိုင်တဲ့ အခြေအနေတစ်ခုကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ အွန်လိုင်း ကနေ Taxi စီးဖို့ကို ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဒီကဏ္ဍတွေကို တိုးမြှင့်လိုက်တဲ့အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေး YBS စနစ် ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်တွေအတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို စီးနင်းနိုင်မယ့် အခြေအနေတစ်ခု ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။ မြို့ပြနေထိုင်သူတွေရဲ့ ဘဝကို သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ များစွာအထောက်အပံ့ ဖြစ်ပါတယ်။

 

ရန်ကုန်မှာ အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်ကို သုံးစွဲနေသူ ၂ ဒသမ ၅ သန်း ရှိပါတယ်။ နေ့စဉ် အပြင်ထွက်ပြီး အလုပ် လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေး တစ်မျိုးမဟုတ်တစ်မျိုး စီးပြီးသွားနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ပတ်ရထား၊ YBS နဲ့ Taxi စနစ်တွေကို စနစ်တကျချိတ်ဆက်ပြီး သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍကို ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ အများပြည်သူ အနားယူအပန်းဖြေဖို့အတွက် ပန်းခြံတွေ ဆောင်ရွက်ထားမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်အောင်တစ်ဖက်က လုပ်ဆောင်နေသလို ပြည်သူလူထု အနားယူအပန်းဖြေနိုင်ဖို့အတွက် ပန်းခြံတွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ပန်းခြံတွေကို ပိုပြီးကောင်းအောင် လုပ်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့ပြမှာနေထိုင်တဲ့ ပြည်သူ လူထုတွေရဲ့ ဘဝအမောတွေကို ယာယီအပန်း ဖြေနိုင်ဖို့အတွက် ပန်းခြံတွေကို ပိုပြီးအဆင့် မြှင့်တင် ဆောင်ရွက်ပေးနေပါတယ်။

 

မေး။ ။ တိုင်းဒေသကြီးအတွင်းရှိ ဈေးတွေနဲ့ ညဈေးတန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေတဲ့ အပိုင်းကို သိပါရစေရှင့်။

 

ဖြေ။ ။ ညနေပိုင်းမှာ ညဈေးတန်းလိုနေရာမျိုးကို ထပ်မံအဆင့်မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။ ပထမတစ်ဆင့်က ညဈေး တန်းစဖွင့်ရတဲ့အချိန်တွေက အခက်အခဲတွေ အများကြီးရှိပါတယ်။ ပထမဆုံး ညဈေးတန်း ကို စခဲ့ရတာက ရန်ကုန်မြို့ထဲမှာရှိနေတဲ့ လမ်းမပေါ်က ဈေးသည်တွေကို ညဈေးတန်း ရွှေ့ခဲ့ရပါတယ်။ ယခု ညဈေးတန်းကနေပြီး ပိုမိုကောင်းမွန်တဲ့ အဆင့်မြှင့်တင်နိုင်ရေးကို ဆောင်ရွက်မယ်။

 

ညဈေးတန်းမှာ အော်ပရေတာ တစ်ယောက်ထားပြီး ဒီအော်ပရေတာကနေ ညဈေးတန်းကြီး သန့်ရှင်းသာယာလှပဖို့ အဘက်ဘက်ကနေ ကောင်းမွန်တဲ့ ဝန်ဆောင် မှုတွေဖြစ်နိုင်ဖို့ အစပျိုးကြိုးပမ်းဆောင်ရွက် မှုတစ်ခုကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်နေ ပြီဖြစ်ပါတယ်။ နောက်ပိုင်း ကမ်းနားလမ်း ညဈေးတန်းဟာ ပိုပြီးသာယာတဲ့ ညဈေးတန်း တစ်ခု ဖြစ်လာတော့မှာပါ။

 

တစ်ဖက်ကလည်း ဘတ်ဂျက်ငွေ တိုးတက်ရရှိဖို့အတွက် လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပန်းဆက်သွယ် ရေးတွေကောင်းဖို့နဲ့ လမ်းတွေ အဆင့်အတန်း မြှင့်တင်ဖို့ဆိုရင် ဘတ်ဂျက်တွေ လိုအပ်ပါ တယ်။ ရေကြီးရေလျှံမှုပြဿနာတွေ ဖြေရှင်း မယ်ဆိုရင် ဘတ်ဂျက်လိုပါတယ်။ ဝင်ငွေမရှိ ဘဲနဲ့ တည်ဆောက်ရေး လုပ်လို့မရပါဘူး။ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ ငွေကျပ် ဘီလီယံ ၄၀၀ ကျော်လောက်နဲ့ စတင်ခဲ့ပြီး ယခု ငွေကျပ် ဘီလီယံ ၇၈၀ လောက် ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ သုံးစွဲနေပါတယ်။

 

ဈေးတွေကို မကြာခင်မှာ အော်ပရေတာပေးပြီး စနစ်တကျဈေးတွေကို စီမံခန့်ခွဲဖို့အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ဈေးတွေ က ညနေ ၅ နာရီလောက်ဆို ဈေးပိတ်တဲ့နေရာမှာ ဈေးပိတ်တဲ့အချိန်နဲ့ ရုံးဆင်းတဲ့အချိန်က တစ်ထပ်တည်းလို ဖြစ်နေတဲ့အတွက် လမ်းမ ပေါ်ကို လျှံထွက်လာတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ဈေးတွေကို စနစ် တကျ လည်ပတ်နိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍ နဲ့ ပူးပေါင်းပြီး စနစ်တကျ ဝန်ဆောင်မှုပေး နိုင်ဖို့၊ ဈေးရဲ့ အချိန်တွေကို ပြည်သူလူထု ဝယ်ယူနိုင်တဲ့ အချိန်မျိုးဖြစ်နိုင်ဖို့နဲ့ လမ်းဘေး ဈေးသည်တွေကို စနစ်တကျ ဈေးတွေထဲမှာ ရောင်းချတဲ့ ပုံစံတွေ ဖြစ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါလည်း စိတ်ဝင်စားသူတွေ ပါဝင်နိုင်ဖို့ EOI ခေါ်ထား ပြီး ဖြစ်ပါတယ်။ မကြာခင် ဆောင်ရွက်သွား ဖို့ ရှိပါတယ်။

 

မေး။ ။ လျှပ်စစ်ကဏ္ဍ ဆောင်ရွက်နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ၂၀၂ဝ ပြည့်နှစ်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး မီးလင်းဖို့ ရည်မှန်း ချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံး မီးလင်း နိုင်တယ်ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ ကိုယ့်ရဲ့ရပ်ရွာမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး နေထိုင်နိုင်တဲ့ ဘ၀တွေဖြစ်ပြီး ကျေးလက် ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒါ့ပြင် ကျေးလက် ဒေသ ကိုယ်ထူကိုယ်ထမီးလင်းရေးအစီအစဉ် တွေကို ဖျက်သိမ်းခဲ့ပါတယ်။ ကိုယ်ထူကိုယ်ထ မီးလင်းရေးဆိုတာ ပိုက်ဆံထည့်ဝင်နိုင်တဲ့သူ သာ မီးလင်းနိုင်ပြီဆိုတဲ့ အခြေအနေမျိုးထက် နိုင်ငံတော်ကနေပြီး ပြည်သူလူထုတစ်ရပ်လုံး ကို မီးလင်းရေး ဆောင်ရွက်ပေးတယ်ဆိုတဲ့ အစီအစဉ်ကို ရွှေ့ပြောင်းပြီး ဆောင်ရွက်ခဲ့ပါ တယ်။ ၂၀၂၀ ပြည့် နှစ်ကုန်ပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း တိုင်းဒေသကြီးတစ်ခုလုံး မီးလင်း ရေးကို ရည်မှန်းချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်နေတာ အဆင့်တစ်ဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ကိုရောက်အောင် ဆက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ လျှပ်စစ်မီးလင်းရေးကိစ္စရပ် တွေကို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ AMI မီတာစနစ် ပြောင်းလဲဖို့အတွက် ကြိုးစားနေ ပါတယ်။ ဘာကြောင့် ကြိုးစားနေလဲဆိုရင် လျှပ်စစ်မီတာတွေကို ပြည်သူလူထုက စနစ် တကျ မီတာဖတ်နိုင်ဖို့အတွက် စမတ်ဖုန်း တွေကတစ်ဆင့် ဖတ်နိုင်မယ်။ ကိုယ့်မီတာ ဘယ်လောက်သုံးစွဲနေလဲဆိုတာ လွယ်လွယ် ကူကူသိနိုင်ပြီး ငွေပေးချေတဲ့နေရာမှာ ဖုန်းက နေ ဘေလ်ကိုပေးဆောင်နိုင်တဲ့စနစ်မျိုး ပြုပြင် ပြောင်းလဲဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ငွေပေးချေရေးစနစ်ကို ကတ်၊ တယ်လီဖုန်းနဲ့ ပေးနိုင်တဲ့ စနစ်တွေကို ပြုပြင်ပြောင်းလဲလိုက် ခြင်းဖြင့် မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီး ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ ပြည်သူလူထု ဝင်ငွေတိုးတက်ရရှိဖို့ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ပြည်သူတွေ ဝင်ငွေတိုးတက်ရရှိနိုင်ဖို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ဖို့ တိုင်းဒေသကြီး အတွင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ရင် ရန်ကုန် တိုင်းဒေသကြီးအတွင်း စားသောက်မှု ဖူလုံ နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သလို တစ်ဖက်ကလည်း သစ်သီးဝလံပန်းမန်တွေ စိုက်ပျိုးနိုင်ဖို့အတွက် ညောင်နှစ်ပင်စိုက်ပျိုးရေး ဇုန်ကို ပိုပြီးတိုးတက် ကောင်းမွန်လာအောင် တွန်းအားပေးပြီး ဆောင်ရွက်နေပါတယ်။

 

တစ်ဖက်ကလည်း မွေးမြူရေးနဲ့ ပတ်သက် တဲ့ ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးနဲ့ နွား မွေးမြူရေး ဒီကဏ္ဍတွေကို ကူညီခဲ့ပါတယ်။ ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍတွေမှာ တွန်းအား ပေးဆောင်ရွက်ခဲ့ပါတယ်။ ငါးမွေးမြူရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဝင်ငွေတိုးတက်ဖို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့တာတွေ များစွာရှိပါ တယ်။ တိုးတက်တဲ့အခြေအနေတွေ ဖြစ်နိုင် ဖို့နဲ့ တကယ့်ကို ကောင်းမွန်တဲ့ နည်းပညာ အဆင့်အတန်းတွေနဲ့ မွေးမြူနိုင်တဲ့အဆင့် ဖြစ်ဖို့ နိုင်ငံတကာ Export တိုးမြှင့်နိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါမှ တိုင်းပြည်ဝင်ငွေ တိုးတက်လာမှသာ အခြေခံ အဆောက်အအုံတွေကို ပိုပြီးကောင်းမွန် အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ စက်မှုဇုန်တွေမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာအောင် ဖိတ်ခေါ်နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ရန်ကုန်မြို့ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းခဲ့ပါတယ်။ စက်မှုဇုန်အသစ်တွေ တည်ဆောက်နိုင်ဖို့ အတွက် ကြိုးစားခဲ့သလို လက်ရှိရှိနေတဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင် နိုင်ဖို့အတွက် စက်မှု ဇုန်အဆင့်မြှင့်တင်မှု ကြီးကြပ်ရေးအဖွဲ့တွေ ကို ဖွဲ့စည်းခဲ့ပါတယ်။ တစ်ချိန်တုန်းက စက်မှု ဇုန်စီမံခန့်ခွဲမှုတွေကို ကိုယ်ထူကိုယ်ထပုံစံ ဆောင်ရွက်နေရာကနေ တိုင်းဒေသကြီးအစိုးရ ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ကနေ စက်မှုဇုန် တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စက်မှု ဇုန်ထဲမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှသာလျှင် အလုပ်အကိုင်အ ခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေ ဝင်ငွေတွေ ရရှိလာမယ်။ ဒီကနေတစ်ဆင့် နိုင်ငံတော် ပို့ကုန်ကို မြှင့်တင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြုပြင်ပြောင်းလဲ လိုက်တဲ့အတွက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ အမေရိကန် ဒေါ်လာ ငါးသန်းနဲ့ အမေရိကန်ဒေါ်လာ ငါးသန်းအောက် လုပ်ငန်းတွေ ခွင့်ပြုနိုင်ခွင့် ရလာပြီဖြစ်တဲ့အတွက် ပိုမိုမြန်ဆန်တဲ့ ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းလိုမျိုး အလုပ်သမား အများစု အလုပ်ပေးနိုင်တဲ့ ကဏ္ဍနယ်ပယ်တွေ ကို ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တစ်ဖက်က ဖိတ်ခေါ်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွေကို ရန်ကုန်တိုင်းဒေသကြီးမှာ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်နဲ့ ၂၀၁၉ ခုနှစ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေကို ဆောင်ရွက် ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာတဲ့သူတွေကို ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်ကဏ္ဍတွေမှာ သူတို့ ရင်းနှီးမြှုပ်နှံနိုင်မယ် ဆိုတာကို အလွယ်တကူ သိရှိနိုင်ဖို့အတွက် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုကော်မတီကနေပြီး ကြိုးစားပြီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန်မြို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ဝင်ငွေနဲ့ အခွန် တွေ တိုးမြှင့်ရရှိလာမှာ ဖြစ်ပါတယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးသွား နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်နေ တဲ့သူတွေဟာ ရန်ကုန်မှာနေရတာ အဆင်ပြေ တယ်ဆိုတဲ့ အခြေအနေတစ်ခုဖြစ်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

 

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့ဟာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ပြည်တွင်းစက်မှုဇုန် ၂၉ ခု စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိပါတယ်။ ဒီစက်မှုဇုန်တွေကို အဆင့် မြှင့်တင်မှု တစ်ဖက်ကနေ ဆောင်ရွက်သလို နောက်ထပ် စက်မှုဇုန်အသစ်တွေကို တည် ဆောက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်း ပြီး Yangon Amata Smart and Eco City စက်မှုဇုန်တစ်ခုကို ဒဂုံအရှေ့ဘက်မှာ တည် ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ မကြာခင်မှာ ပန္နက်ရိုက်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။

 

နောက်ပြီး ကိုရီးယား-မြန်မာ စီးပွားရေး ဇုန် (Korea – Myanmar Industrial Complex) တစ်ခုကို ညောင်နှစ်ပင်မှာ ပန္နက်ရိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင် တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေသလို အမြန် လမ်း လေးမိုင်မှာ Eco Green City ကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ ရန်ကုန်မြို့ ကို ဝင်လာတဲ့နေရာမှာ လှပသာယာတဲ့ မြို့တော်ရဲ့ အင်္ဂါရပ်တွေကို မြင်တွေ့နိုင်တဲ့ မြို့ပြအသစ်တွေကို စနစ်တကျ တည်ဆောက် နေပါတယ်။

 

ရန်ကုန်ရဲ့ စည်ပင်သာယာနယ်နိမိတ် ပြင်ပမှာရှိတဲ့ ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုး ကျွန်းက သီးခြားကျွန်းအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုကိုးကျွန်းကို ၂၄ နာရီ မီးပေးနိုင်ဖို့နဲ့ ခရီးသွားလာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသလို စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာရှိနေတဲ့ အခြားမြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန်တွေထူထောင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ လှည်းကူး စက်မှုဇုန် တည်ဆောက်နိုင်ဖို့အတွက် စင်ကာပူနိုင်ငံနဲ့ပူးပေါင်းပြီး ကြိုးစား ဆောင်ရွက် နေပါတယ်။ ထန်းတပင်မြို့နယ်မှာ စက်မှုဇုန်တည်ဆောက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည် ပြုချက်ရယူထားပြီး ဖြစ်ပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး ရှေ့ဆက် တည်ဆောက်ရေးကဏ္ဍတွေမှာ ဆောင်ရွက် သွားဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်ကာလမှာ ပိုမိုကောင်းမွန် တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။ ။ ကျူးကျော်တွေအတွက် နေစရာအိမ်တွေ တည်ဆောက်ပေးနေမှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

 

ဖြေ။ ။ အဓိက စိန်ခေါ်မှုအကြီးဆုံးကိစ္စတစ်ခုက ကျူးကျော်ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်နေတဲ့သူတွေကို စနစ် တကျ နေရာချထားပေးဖို့ ကြိုးစားဆောင်ရွက် ပေးနေပါတယ်။ ဒီကိစ္စကို Community က နေ အခြေပြုပြီး မေ့မေ့မေတ္တာပရောဂျက် ဆိုပြီး စီမံချက်တစ်ခုရေးဆွဲပြီး ဆောင်ရွက် နေပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ တိုင်းဒေသကြီးရဲ့ လုပ်သားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လူမှုဘဝကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း ဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

 

တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျူးကျော် နေထိုင်တဲ့သူတွေကို Community ပိုင်မြေ ပေါ်မှာ သူတို့ကို စနစ်တကျ နေရာချထားပေး ပြီး သူတို့ရဲ့ ချေးငွေကဏ္ဍတစ်ခု တည်ထောင် ပေးခြင်းဖြင့် အိမ်တွေကို တည်ဆောက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အိမ်ရာအဖြစ် နေထိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်မြို့နယ်တွေမှာ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ကျူးကျော်နေထိုင်တဲ့သူတွေကို စနစ်တကျ နေရာချထားပေးရေးဟာ စက်ရုံ အလုပ်ရုံတွေ မှာ အလုပ်လုပ်နေတဲ့ လုပ်သားအင်အားကို ဖြည့်ဆည်းပေးရာရောက်သလို စက်မှုဇုန် တွေရဲ့ မီးဘေး၊ ရေဘေး ကိစ္စရပ်တွေကိုပါ ထိန်းသိမ်းရာရောက်ပါတယ်။ စက်မှုဇုန်ထဲ မှာ ကျူးကျော်နေထိုင်တဲ့အတွက် မီးဘေး အန္တရာယ်ရှိသလို ရေနုတ်မြောင်းတွေအပေါ် မှာ ကျူးကျော်အိမ်တွေနဲ့ ပိတ်ဆို့နေတဲ့ အတွက် ရေကြီးရေလျှံမှု ပြဿနာတွေကို ကြုံရပါတယ်။ ဒါ့ကြောင့် စက်မှုဇုန်အဆင့် မြှင့်တင်ရေးကဏ္ဍကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။

 

မေး။ ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန် မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အတွက် ဆောင်ရွက်နေမှု ကို သိချင်ပါတယ်။

 

ဖြေ။ ။ ရန်ကုန်မြို့တော်ကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြဖြစ်လာနိုင်ဖို့အတွက် ရည်မှန်းချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့တော်ကို မြို့ပြအမွေအနှစ်တွေနဲ့အတူ စိမ်းလန်းပြီး နေချင့်စဖွယ်မြို့တော်ဖြစ်အောင် ဆောင်ရွက်မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်မှန်း ချက်ထားပြီး ကြိုးစားဆောင်ရွက်နေတာဖြစ်ပါ တယ်။ ဒီလို ကြိုးစားဆောင်ရွက်တဲ့အခြေ အနေမှာ ရန်ကုန်ကို မြို့ဟောင်းနဲ့ မြို့သစ် ဧရိယာတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ရန်ကုန်မြို့ ဟောင်းဧရိယာမှာရှိတဲ့ မြို့ပြအမွေအနှစ် အဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့အတွက် အပြာရောင်ကမ္ပည်းပြားတွေ ကပ်ခဲ့ပါတယ်။ မြို့ပြအမွေအနှစ် အဆောက် အဦတွေကို စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်ပြုပြင်မှုတွေကို ဆောင်ရွက်ပြီး မြို့ရဲ့ အတိတ်သမိုင်းကို လူငယ်မျိုးဆက်တွေရော နိုင်ငံတကာခရီးသွားတွေပါ သိနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်ကနေပြီး မြို့ပြ ကို စိမ်းလန်းပြီး သစ်ပင်ပန်းမန်တွေကို ထိန်းသိမ်းနိုင်ဖို့၊ ဥယျာဉ်တစ်ခုလို ဖြစ်နိုင်ဖို့ဆိုတာ သစ်ပင်တွေကို စနစ်တကျ စိုက်ပျိုး နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။

 

မေး။ ။ တိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ရန်ကုန်မြို့က ပင်လယ်ဝမှာ တည်ရှိနေတဲ့အတွက် ပင်လယ်ဘက်ကနေ မုန်တိုင်းဒဏ်၊ သဘာ၀ဘေးအန္တရာယ်ဒဏ် တွေ မကျရောက်စေနိုင်ဖို့နဲ့ သဘာ၀ပတ်ဝန်း ကျင်ထိန်းသိမ်းနိုင်ဖို့ ဒီရေရောက်တောတွေကို စိုက်ပျိုးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရေ ရောက်တော ၃၀၀၀၀ စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ဒါ့ကြောင့် ဒီရေရောက်တောတွေကို ကြိုးပြင်သစ်တောကြိုးဝိုင်းမှာ ထားရှိပြီး ဒေသခံပြည်သူတွေရဲ့ ထိန်းသိမ်းစောင့်ရှောက် မှုကနေတစ်ဆင့် ၎င်းတို့ရဲ့လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ သစ်တော ကြိုးဝိုင်းကိုလည်း ဒေသခံပြည်သူတွေ ထိန်းသိမ်း စောင့်ရှောက်မှုအောက်မှာ ထားရှိ ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

ဒါ့ပြင် ရန်ကုန်မြို့မှာ လာရောက်ရင်းနှီး မြှုပ်နှံတဲ့ ကဏ္ဍစုံကို ပတ်ဝန်းကျင်မပျက်စီး နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်ခဲ့ ပါတယ်။ ဘာ့ကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုအစမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင် မှုကို ရည်မှန်းချက်ကြီးကြီးထားပြီး ကြိုးစား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ စက်မှုဖွံ့ဖြိုးတိုးတက်သွားတဲ့ နိုင်ငံ တွေရဲ့ အမှားတွေကို သင်ခန်းစာယူစရာ များစွာရှိပါတယ်။ ပတ်ဝန်းကျင်ကို ပျက်စီး သွားစေနိုင်တယ်ဆိုရင် ပြည်သူလူထုရဲ့ လူမှု ဘဝကို ပြန်လည်ပြီး မြှင့်တင်ဆောင်ရွက်ဖို့ အတွက် ခက်ခဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို စနစ်တကျ စိစစ်ပြီး ခွင့်ပြုဆောင်ရွက်ပေးဖို့ ကြိုးစားဆောင် ရွက်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဘက်က သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်း စည်းကမ်းတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။

 

မေး။ ။ လူငယ်တွေ အလုပ်အကိုင်ရရှိရေးနဲ့ သက်မွေးမှုပညာရပ်တွေ သင်ကြားပေးဖို့ ဆောင်ရွက်နေတဲ့ အပိုင်းကို သိချင်ပါတယ်။

 

ဖြေ။ ။ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးသလို အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေကို ဦးစားပေးဆောင်ရွက်ပေးနေပါတယ်။ ကျွမ်းကျင် လုပ်သားတွေရှိမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူ မှာဖြစ်ပါတယ်။ ပြည်တွင်းလုပ်သားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာတာနဲ့အမျှ ထိုက်တန်တဲ့ လုပ်ခလစာငွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါမှ ပြည်သူတွေအတွက် လူမှု စီးပွားဘဝ တိုးတက်လာမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးသလို အလုပ်အကိုင်အခွင့် အလမ်းတွေအတွက် လိုအပ်တဲ့ သင်တန်း ကျောင်းတွေကို ဖွင့်လှစ်ထားပါတယ်။ စင်ကာပူ၊ ဂျာမနီ၊ ဂျပန်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်။ ဒီသင်တန်းကျောင်းတွေကနေ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုပြီးဖန်တီးပေးနိုင်ဖို့နဲ့ ဈေးကွက်မှာ လိုအပ် တဲ့ သင်တန်းတွေကို သက်မွေးကျောင်းတွေ မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ပေးနိုင်ဖို့အတွက် စနစ်တကျပြင်ဆင်ပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိနေတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ကို ဈေးကွက်နဲ့ စက်မှုဇုန်တွေမှာရှိနေတဲ့ လုပ်သားလိုအပ်ချက်တွေကို ဒီကျောင်းတွေ ကနေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် စနစ်တကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားနိုင် ဖို့အတွက် ကြိုးစားနေပါတယ်။

 

လူငယ်မျိုးဆက်တွေဟာ ပညာရေးကနေပြီး ထွက်လာတဲ့အချိန် သူတို့ဘဝအတွက် ခိုင်မာတဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ပေးနိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေး လိုက်နိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၈ ခုရှိပါတယ်။ ဒါတွေအားလုံးကို စနစ်တကျ ကြိုးပမ်း ဆောင်ရွက်သလို တစ်ဖက်ကလည်း သက်မွေး သင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက် နေပါတယ်။ အင်းစိန်ဂျီတီအိုင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အောင်ဆန်းမှာ ရှိတဲ့ ယခင်က THS ကျောင်းကို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

မေး။ ။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုကို သိချင်ပါတယ်။

ဖြေ။ ။ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီး ခရီးသွားကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဟိုတယ်တွေကို အဆင့်မြှင့်တင်နိုင်ဖို့နဲ့ ဟိုတယ်တွေ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင် မှုတွေ ပေးနိုင်အောင်၊ ဟိုတယ်သစ်တွေ တည်ဆောက်နိုင်အောင် ကြိုးစားဆောင်ရွက် နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဟိုတယ်အလုံးရေ ပေါင်း ၄၀၀ ကျော်ခန့်ရှိပါတယ်။ နိုင်ငံခြား ခရီးသွားကဏ္ဍကို ပိုပြီးတိုးမြှင့်နိုင်ဖို့အတွက် ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက် နေပါတယ်။ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ နေရာမှာရှိတဲ့ ရေဆိပ်၊ လေဆိပ်တွေကို ပိုပြီးဝန်ဆောင်မှု ကောင်းအောင် လုပ်ပေးနိုင် ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေ အနေတစ်ခုဖြစ်ပါတယ်။ လေးနှစ်တာကာလ အတွင်းမှာ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် ခဲ့တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အတွက် အဆင်ပြေချောမွေ့တာ ချည်းပဲ သက်သက်တော့ မဟုတ်ပါဘူး၊ စိန်ခေါ် မှုတွေကိုလည်း ကြုံခဲ့ရပါတယ်။

 

မေး။ ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် မြစ်ကူးတံတားတွေ တည်ဆောက် နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ သီလဝါအထူးစီးပွားရေးဇုန်ကို ပံ့ပိုးပေးနိုင်ဖို့အတွက် ရန်ကုန်နဲ့ သန်လျင် ဘက်ကို ချိတ်ဆက်မယ့် ပဲခူးမြစ်ကူးတံတား အမှတ်(၃)ကို တည်ဆောက်နေပြီဖြစ်ပါတယ်။

 

ဒီကနေမှတစ်ဆင့် သီလဝါကို ချိတ်ဆက်ပေးမယ့် လမ်းမကြီးတွေကို အဆင့်မြှင့်တင်ပြီး ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလမြစ်ကူးတံတား တည်ဆောက် နေပြီဖြစ်ပါတယ်။ ဒလမြစ်ကူးတံတား တည်ဆောက်ပြီးတာနဲ့ တစ်ပြိုင်နက် တည်း ဒလဘက်အခြမ်း ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ဒလမြို့သစ်စီမံကိန်းကို Master Plan ရေးဆွဲ ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လေ့လာဆန်းစစ် မှုတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒလမြစ်ကူးတံတားကြီး ပြီးသွားတာနဲ့ တစ်ပြိုင်နက်တည်း ရန်ကုန်မြို့ရဲ့ အနောက်ဘက်အခြမ်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားနိုင်မှာ ဖြစ်သလို ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ လည်း ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်နိုင်ဖို့အတွက် မကြာခင်မှာ တင်ဒါ ခေါ်ယူနိုင်ရေးကိစ္စရပ်တွေကို ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

 

ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ရန်ကုန်မြို့နေ ပြည်သူလူထုရဲ့ လူနေမှုဘဝကို တိုးတက်စေနိုင်သလို ရန်ကုန်မြို့ဟောင်းရဲ့ အကျပ်အတည်းတွေကို နောက်ထပ် အသစ်တည်ဆောက်မယ့် ရန်ကုန်မြို့ရဲ့ မြို့ပြအသစ် စီမံကိန်းတွေကနေ ဒီအခက်အခဲတွေ၊ အကျပ်အတည်းတွေကို ဖြေလျှော့သွားနိုင်ဖို့၊ စမတ် စီးတီးကြီးတွေအဖြစ်နဲ့ တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်၀ဘက်ကို တဖြည်းဖြည်း ရွှေ့ပြောင်းသွားနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

 

မေး။ ။ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် သောက်သုံးရေ ပြည့်ပြည့်၀၀ပေးနိုင်အောင် ဆောင်ရွက် ထားရှိမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်။ ငမိုးရိပ်နဲ့ ဖူးကြီးရေလှောင်တမံတွေ ကနေပြီး ရန်ကုန်ကို ရေပေးနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို ရေပေးဝေနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ ရန်ကုန်မြစ်ရဲ့ အထက် ပိုင်း ကုက္ကိုလ်၀နေရာကနေ ရေပေးဝေရေး စီမံကိန်းတစ်ခုကို ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံ JICA နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။

 

တွံတေးတူးမြောင်း တိုးမြစ်ထိပ်နားမှာ ရေပေးဝေရေးကို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေသလို တိုးမြစ်ရေပေးဝေရေး စီမံကိန်းကြီးတစ်ရပ်ကို လေ့လာဆန်းစစ်ဖို့ ပြုလုပ်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ ရေပေးစနစ်ကို ပြည့်ပြည့်၀၀ ရေပေးနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေက ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ လူဦးရေတိုးပွားလာ တာနဲ့အမျှ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့ တိုင်းဒေသကြီးအစိုးရ ဘက်ကနေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

 

မေး။ ။ ရန်ကုန်မြို့တော်စည်ပင်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။

 

ဖြေ။ ။ ရန်ကုန်မြို့ပေါ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတဲ့ နေရာမှာ လွယ်ကူချောမောစွာ စီမံနိုင်ဖို့ အတွက် တစ်ချိန်တုန်းက တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ မြို့တော်စည်ပင် ကို သွားရောက်တဲ့အခါ ခက်ခဲတယ်လို့ ပြောလေ့ရှိပါတယ်။ အခု အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။ များမကြာမီ စနစ်တစ်ခုလုံးကို အွန်လိုင်းက နေပြီး တောက်လျှောက်ဆောင်ရွက်သွားနိုင် ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ Single Window ဆောင်ရွက်နိုင်တယ်ဆိုရင် တည်ဆောက်ရေး လုပ်မယ့်သူတွေနဲ့ ခွင့်ပြုပေးမယ့်လူတွေ အခြားသော လုပ်ငန်းဆောင်ရွက်ရမယ့် ကဏ္ဍနယ်ပယ်အတွင်းမှာ ဒီတင်းကျပ်ထားမှုတွေကို ဖြေလျှော့လိုက်နိုင်ပြီဖြစ်ပါတယ်။ ကြိုးနီ စနစ်တွေ လျော့ကျသွားပြီး ပြည်သူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ အခြေ အနေတွေကို ဖြစ်လာနိုင်သလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လာရောက်ဆောင်ရွက်တဲ့သူတွေ အတွက် အကောင်းဆုံးဝန်ဆောင်မှုတစ်ခုကို ကျွန်တော်တို့ ပေးနိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်မှာ ငွေပေးချေနိုင်တဲ့ Yangon Payment Services (YPS) စနစ် တစ်ခုကို ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာပြည်သူလူထုအများစုဟာ ဘဏ်စနစ် နဲ့ အလှမ်းဝေးကွာပါတယ်။ ငွေကို တိုက်ရိုက် ကိုင်ပြီး ပေးချေတဲ့စနစ်မျိုးကို ကျင့်သုံးကြပါ တယ်။ ငွေစက္ကူကို တိုက်ရိုက်ကိုင်ပြီး ပေးချေ တဲ့စနစ်မဟုတ်ဘဲ ကတ်ထဲမှာ ငွေကိုထည့်ထားပြီး ပေးချေတဲ့စနစ်မျိုးကို အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ YBS စနစ်ကနေ စတင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မကြာ ခင်မှာ ငွေပေးချေတဲ့ကတ်ကနေ ငွေပေးချေ နိုင်တဲ့ ကတ်စနစ်ကို ရောက်လာတော့မှာပါ။ ငွေပေးချေရေး စနစ်ဟာ လွယ်ကူလာနိုင်မယ်။ ပြည်သူလူထုအများစုဟာ ဘဏ်နဲ့ ထိတွေ့မှု ရလာမယ်။ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေပေးချေရေးစနစ်က အရေးကြီး ပါတယ်။ ပြည်သူလူထုကြားမှာ ပွင့်လင်း မြင်သာတဲ့ ငွေကြေးသုံးစွဲမှုတစ်ခုဖြစ်လာ နိုင်သလို အခွန်အခကောက်ခံမှုတွေကို ပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ သိမ်းဆည်းလယ်ယာမြေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ လေးနှစ်တာကာလအတွင်းမှာ အကြီးဆုံးစိန်ခေါ်မှု ပြဿနာတစ်ရပ်က လယ်ယာမြေ သိမ်းဆည်းခဲ့မှုကိစ္စရပ်တွေကို ပြန်လည်စိစစ်ရတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။ တိုင်းဒေသကြီးက အမှုတွဲပေါင်း ၅၀၀၀ ကျော် လောက်ကို စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အစိုးရ လက်ထက်နဲ့ ပြီးခဲ့တဲ့လွှတ်တော်ကနေ စိစစ် ပြီး မပြီးဆုံးဘဲနဲ့ ကျန်ခဲ့တဲ့အမှုတွဲတွေကို ပြန်လည်စိစစ်ခဲ့ပါတယ်။ ဗဟိုကို ရောက်လာ တဲ့ အမှုတွဲတွေ ပြန်လည်စိစစ်ခဲ့ပါတယ်။ လျော်ကြေးပေးရမယ့် အမှုတွေရှိပါတယ်။ မြေပြန်ပေးရမယ့် အမှုတွေရှိပါတယ်။ မြေပြန် ပေးရမယ့် အမှုတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တစ်ဖက်မှာ မြေလျော်ကြေး ပေးနိုင်ဖို့အတွက် တိုင်းဒေသ ကြီးအတွင်းမှာ အကြမ်းဖျင်းခန့်မှန်းခြေအရ ငွေကျပ် ဘီလီယံ ၁၅၀ လောက်ပေးရမှာ ဖြစ်ပါ တယ်။ ဒီငွေတွေကို လျော်ကြေးပေးမှသာလျှင် ဒီမြေကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက် ရေးတွေကို အသုံးပြုတဲ့နေရာမှာ ကျူးကျော် နေထိုင်သူတွေကို စနစ်တကျ ပြန်လည်နေရာ ချထားပေးဖို့ တစ်ဖက်ကနေ ကြိုးပမ်းနေပါတယ်။

 

မေး။ ။ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်နေမှုကို သိချင်ပါတယ်။

 

ဖြေ။ ။ တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ တန်ဖိုးနည်း အိမ်ရာတွေကို ဆောက်တဲ့နေရာမှာ မြေတန်ဖိုး ကိုသာ ထပ်ပြီးပေါင်းထည့်မယ်ဆိုရင် တန်ဖိုး နည်းအိမ်ရာတွေရဲ့ တန်ဖိုးဟာ အလွန်ကြီးမြင့် မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းအိမ် ဆောက်တဲ့နေရာမှာ အစိုးရက မြေထည့်ဝင် မယ်။ ဆောက်လုပ်မယ့်သူတွေက အိမ်ရာကို လာဆောက်မယ်။ ဆောက်ပြီးရင် ၁၅ နှစ်၊ အနှစ် ၂၀ ချေးငွေစနစ်နဲ့ အရစ်ကျရောင်း ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ အိမ်ရာလိုအပ် ချက်ရှိနေတာ တစ်သိန်းခွဲလောက် ရှိပါတယ်။ ဒီအတွက် တိုက်ခန်း တစ်သိန်းခွဲလောက်ဟာ ခုလောလောဆယ် ဝယ်လိုအားရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တိုက်ခန်း ရောင်းနေတာလည်း ရှိပါတယ်။ ဒီတိုက်ခန်း တွေဟာ အခြေခံအလုပ်သမားတွေ၊ အခြေခံ ပြည်သူတွေ ဝယ်ယူနိုင်ဖို့ ဈေးနှုန်းမဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေမှာရှိနေတဲ့ အစိုးရဝန်ထမ်း တွေတောင် ဒီတိုက်ခန်းတွေကို ဝယ်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

 

တန်ဖိုးနည်းတိုက်ခန်းတွေကို ပုဂ္ဂလိက ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်မယ်။ ဆောက်ပြီးရင် အခြေခံဝန်ထမ်းတွေ၊ ပြည်သူ လူထုတွေ ဝယ်ယူနိုင်လောက်တဲ့ အနေအထား ဈေးနှုန်းနဲ့ ငွေကျပ် သိန်း ၁၀၀ ကျော်၊ ၂၀၀ ဝန်းကျင်လောက်နဲ့ ရောင်းပေးနိုင်ဖို့ ကြိုးစား မယ်။ ၁၅ နှစ်၊ အနှစ် ၂၀ အရစ်ကျစနစ်နဲ့ ပြန်ဆပ်သွားကြမယ်ဆိုရင် ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေရဲ့ နေရေးကို အဆင်ပြေ အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေရေးကို အဆင်ပြေအောင် ဆောင်ရွက် ပေးမယ်ဆိုရင် ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့ သူတွေ၊ ရန်ကုန်မှာ အလုပ်အကိုင် လာလုပ် ကျတဲ့သူတွေအတွက် နေရေးအဆင်ပြေသွား မယ်ဆိုရင် ရန်ကုန်မြို့မှာ ကျူးကျော်နေထိုင် သူတွေရှိမှာ မဟုတ်ပါဘူး။

 

ဒါ့ကြောင့် လိုအပ်ချက်နဲ့ ဖြည့်ဆည်းပေးနိုင်မှု ညီမျှအောင် ဆောင်ရွက်နိုင်ဖို့အတွက် စီမံကိန်းတွေရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုဟာ ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ မြေကိုသုံးရမှာ ဖြစ်ပါတယ်။ မြေကိုသုံးရမယ်ဆိုရင် မြေသိမ်းဆည်းခဲ့တဲ့ လယ်သမားတွေကို မြေလျော်ကြေး ပေးရပါ မယ်။ ဒီမြေလျော်ကြေး ပေးနိုင်ဖို့အတွက် ကျွန်တော်တို့မှာရှိနေတဲ့ မြေကွက်အလွတ် တွေကို ရောင်းချပြီးရင် ဒီမြေတွေကို ရောင်းချ လို့ရတဲ့ငွေနဲ့ မြေလျော်ကြေးပေးဖို့ ကြိုးပမ်း နေပါတယ်။ ဒီမြေရောင်းတဲ့နေရာမှာ ပွင့်လင်း မြင်သာမှုရှိစေနိုင်ဖို့အတွက် သတင်းစာကနေ ရောင်းမယ့်မြေတွေကို ကြော်ငြာထားပါတယ်။ မည်သူမဆို ဒီဝယ်ယူမှုမှာ ပါဝင်နိုင်ပါတယ်။ ပြည်တွင်းအခွန်က သတ်မှတ်ထားတဲ့ ကြမ်းခင်းဈေးနှုန်းကို အခြေပြုပြီး အားလုံး ဟာ ဈေးပေးနိုင်ပါတယ်။ သူတို့ပေးလာတဲ့ ဈေးပေါ်ကနေ အများဆုံးပေးသူကို ရောင်းပေး ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီရောင်းလို့ရတဲ့ ငွေကြေးနဲ့ လယ်သမား တွေကို လျော်ကြေးပြန်ပေးရမှာ ဖြစ်ပါတယ်။

 

ဒီအခြေအနေတွေကို ဆောင်ရွက်ရတဲ့ နေရာမှာ အမှုတွဲ ၅၀၀၀ လောက် စစ်ရပါ တယ်။ မြေကို ရောင်းဖို့ ကြိုးစားရပါတယ်။ မြေရောင်းပြီးလို့ရှိရင် ရလာတဲ့ငွေတွေကို လယ်သမားတွေကို လျော်ပြီး ဒီမြေကြီးကို အခြေခံပြည်သူတွေ နေထိုင်ရေးနဲ့ လူနေမှု ဘဝကို ပြန်ပြီး ကြိုးပမ်းဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စရပ်က လေးနှစ်တာ ကာလအတွင်း အတော်ကို ရုန်းကန်ရတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ အခြေခံလယ်သမားတွေရဲ့ ဘဝကို အကောင်းဆုံးပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီက အငြင်းပွားမှု အများ ကြီးကို ပြန်လည်စိစစ်နိုင်ခဲ့တယ်။ ဒီအပေါ်က မူတည်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင် ရွက်မှုတွေကနေ တကယ်သိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေကို လျော်ကြေးပြန်ပေးနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စိန်ခေါ်မှုတွေ များစွာကြုံရပါတယ်။ ဒီမြေနဲ့ ပတ်သက်ပြီး မြေယာမှုခင်းတွေထဲမှာ ပွဲစားတွေနဲ့ လုပ်စားနေတဲ့သူတွေ များစွာကြုံဆုံရပါတယ်။ ဒီအခြေအနေတွေထဲ ကျွန်တော်တို့ မြေလျော်ကြေးပေးနိုင်တဲ့ အခြေအနေတွေကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။

 

မေး။ ။ ဖြည့်စွက် ပြောကြားစရာရှိရင် ပြောကြားပေးပါဦးရှင်။

 

ဖြေ။ ။ ယခုလို ကြိုးပမ်းဆောင်ရွက်နေတာက ကျွန်တော်တို့ မြို့နဲ့ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနှစ်၊ လေးနှစ် လောက်အတွင်းမှာ ပဒေသာပင် မြေကပေါက် သလို ချက်ချင်း ကောင်းမွန်တိုးတက်သွားနိုင် မှာ မဟုတ်သေးပါဘူး။ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တွေ ချပြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက် တဲ့အဆင့်ကို ရောက်လာဖို့အတွက် နှစ်စဉ် နှစ်တိုင်း အုပ်ချုပ်ရေး၊ ပြည်သူလူထုနဲ့ လွှတ်တော်ထဲက အားလုံးဝိုင်းပြီး ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်း ဆောင်ရွက်မှလည်း မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

 

ဒီလိုရုန်းကန်နိုင်ဖို့အတွက် ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ပြည်သူနဲ့အတူ ရုန်းကန်နိုင်မယ်ဆိုရင် ရန်ကုန် မြို့ကို ဒီထက်ပိုမိုကောင်းမွန်တဲ့ မြို့ပြတစ်ခု အဖြစ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီး အဖြစ် ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက် အချာ မြို့တစ်မြို့ဖြစ်သလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အများဆုံးလာရောက်တဲ့ မြို့ကြီး တစ်မြို့ ဖြစ်ပါတယ်။ ဒီမြို့ကို ဖွံ့ဖြိုးတိုးတက် အောင် ပြည်သူလူထုက ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ။