မြို့သစ်မြို့တွင် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ စိုက်ပျိုးဖြစ်ထွန်း

mdn

မြို့သစ် ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မြေဆီလွှာပျက်စီးဆုံးရှုံးမှု ကာကွယ်ရန် ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာကို အစားထိုးသုံးစွဲ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

ယခင်နှစ်က စံပြကွက်များနှင့် ပြုလုပ်စိုက်ပျိူးထားပြီး သီးနှံအာဟာရ အကျိုးပြုနိုင်သည့်အတွက် ယခုနှစ်တွင် မျိုးစေ့ထုတ်(၁၅)ဧကခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နောင်လာမည့်နှစ်တွင် မျိုးရှားပါးခြင်းမှ ဖြေရှင်းနိုင်ရန်၊ မျိုးအလုံအလောက် ရရှိနိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရန်အတွက် ဧက(၅၀၀)အထိ စိုက်ပျိုးရန်လျာထားထားကြောင်း မြို့သစ်မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

အစေ့စိုက်ပြီး ၄၅ ရက်ကြာလျှင် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး မိုးသီးနှံဆို ထယ်မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံဆို ထယ်မှောက်ပြီး ၁ လနေလျှင် ထွန်မွှေ၍ သီးနှံစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီပိုက်ဆံလျှော်ကိုစိုက်ပြီး သစ်စိမ်းမြေသြဇာအဖြစ် သုံးလာတာ အရင်နှစ်ကနဲ့ အခုနှစ်ရောဆို ၂ နှစ်ရှိပါပြီ။ ကျွန်တော်က လယ်စိုက်တဲ့အချိန်နဲ့ ကိုက်လို့စိုက်ထားတာပါ။ ပြီးတော့ ထယ်မှောက်၊ ထွန်မွှေ နှပ်ထားပြီး လယ်စိုက်တာပါ။ ဒီလို သဘာဝမြေသြဇာကို သုံးရတဲ့အတွက် ဓာတ်မြေသြဇာလျှော့ချပြီး မြေဆီလွှာပျက်စီးဆုံးရှုံးမှုကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်” ဟု  ဒေသခံတောင်သူ ဦးလွန်းကျော်က ပြောသည်။

သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းသည် မြေဆီလွှာအတွင်းရှိ သီးနှံပင်များ နှစ်သက်သော အာဟာရများတိုးပွားစေခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုကို လျော့နည်းစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းရန်အတွက်ပါ အသုံးဝင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။

သစ်စိမ်းမြေသြဇာကို ထုတ်လုပ်မှုနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် လက်တွေ့နည်းပညာပေး သင်တန်းများနှင့် စံပြ ပြကွက်များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

စန္ဒာ(ပြန်/ဆက်)