မျိုးပွားမှုဆိုင်ရာရောဂါများအတွက် မှန်ပြောင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ခွဲစိတ်ဆရာဝန်ကြီးများ၏ စကားသံများ

မျိုးပွားမှုဆိုင်ရာရောဂါများအတွက် မှန်ပြောင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၃ ရက်မှ ၅ ရက်အထိ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ သားဖွားမီးယပ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

ပါမောက္ခဒေါက်တာခင်ပြုံးကြည်

ဆေးရုံအုပ်ကြီး ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)

 

သားဖွားမီးယပ်ပညာဌာန ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးတက္ကသိုလ်(၁) (ရန်ကုန်)နဲ့ ထိုင်းနိုင်ငံ Rajavithi Hospital က မှန်ပြောင်းအထူးကုပညာရှင်ကြီးများ အဖွဲ့၊ အာရှနဲ့ပစိဖိတ် မှန်ပြောင်း ဆိုင်ရာ ခွဲစိတ်ကုသမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဆရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့နဲ့ မျိုးပွားမှုဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်ပြီး မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုတွေက အကျိုးကျေးဇူးရှိလာတာကို တွေ့ရှိရတဲ့အတွက် မီးယပ်ဆိုင်ရာရောဂါတွေမှာလည်း ဒီခွဲစိတ်ကုသမှုတွေကို ဗိုက်ခွဲပြီးကုသမယ့်အစား မှန်ပြောင်းနဲ့ခွဲစိတ်ကုသလို့ရတဲ့ရောဂါတွေဆိုရင် မှန်ပြောင်းနဲ့ ခွဲစိတ်ကုသပေးခြင်း အားဖြင့် လူနာတွေအတွက် ပိုပြီး ကောင်းမွန်တာ တွေ့ရှိတယ်။ မျိုးပွားမှုဆိုင်ရာ မထိခိုက်သားသမီးရဖို့ ခက်ခဲတဲ့သူတွေ၊ သွေးလုံး၊ အသားလုံးတွေရှိနေတဲ့ အမျိုးသမီးတွေ၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ရင်တောင် ဒီကင်ဆာရောဂါကို ကုသရာမှာ မျိုးပွားမှုဆိုင်ရာကို မထိခိုက်စေဘဲ ရောဂါကိုကုသနိုင်တဲ့ နည်းလမ်းတွေလည်း ရှိတယ်။ မှန်ပြောင်းနဲ့ ခွဲစိတ် ကုသနိုင်တဲ့ ကုသမှုတွေကို စာတွေ့၊ လက်တွေ့ ဒီအလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာကာလမှာ သင်ကြားပို့ချ ပေးမှာဖြစ်ပါတယ်။ ။

 

မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုတွေက

 

ခုမှပေါ်လာတာ မဟုတ်ပါဘူး။ ဆေးပညာလောကမှာလည်း ပေါ်နေတာ ကြာပါပြီ။ သားဖွားမီးယပ်နဲ့ ပတ်သက်ပြီး မှန်ပြောင်းခွဲစိတ်ကုသခြင်းလုပ်ငန်းတွေကို ကျွန်မတို့ ဗဟို အမျိုးသမီးဆေးရုံမှာ အရင်တုန်းက နည်းနည်းချင်းလုပ်ပါတယ်။ လုပ်တဲ့ အခါမှာပစ္စည်းကိရိယာကအစ၊ နည်းပညာကအစ၊ ပညာရှင်ကအစ အခက်အခဲရှိတယ်။ မှန်ပြောင်းခွဲစိတ်တယ် ဆိုတာက ခက်ခဲတဲ့ပညာမဟုတ်ပေမယ့် လေ့လာသင်ယူရတာ အချိန်ယူရပါတယ်။ ။

အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါ မျိုးဆက်သစ်ဖြစ်တဲ့ သားဖွားမီးယပ် ဆရာဝန်ငယ်တွေ၊ အထူးကုဆရာဝန်တွေဟာ ဒီမှန်ပြောင်းခွဲစိတ်မှုဆိုင်ရာတွေမှာ ပိုပြီးတော့ ကျွမ်းကျင်လာတယ်။ ပိုပြီးတော့ ကောင်းမှန်း သိလာတယ်။

 

ဆရာဝန်တွေအတွက် ပညာတိုး

 

မှန်ပြောင်းခွဲစိတ်မှုကို ပိုပြီးတော့ အားပေးလာတယ်။ ဆေးပညာ တိုးတက်လာပါတယ်။ မှန်ပြောင်း ခွဲစိတ်တာအောင်မြင်မှုတွေ ရှိလာတယ်။ မီးယပ်ဆိုင်ရာရောဂါတွေ အတွက် မှန်ပြောင်းနဲ့ ခွဲစိတ်ကုသတဲ့အခါ ဆရာဝန်တွေအတွက်လည်း ပညာတွေတိုးပါတယ်။

မှန်ပြောင်းနဲ့ ခွဲစိတ်တာက ဘယ်လို အကျိုးကျေးဇူးရှိလဲဆိုတော့ ဆေးရုံတက်ရတဲ့အချိန် သက်သာတယ်၊ ဗိုက်ခွဲပြီးကုသရင် အနည်းဆုံး ခြောက်ရက်၊ ခုနစ်ရက်လောက် ဆေးရုံမှာ နေရတယ်။ အခုဆိုရင် နှစ်ရက် လောက်ပဲတက်ရတာမျိုး ရှိတယ်။ ဆေးရုံတက်ရတဲ့အချိန် သက်သာတယ်၊ နာလန်ထ မြန်တယ်။ အဲဒီလို အကျိုးကျေးဇူးတွေအပြင် တစ်ခါတလေကျရင် သားအိမ်ထဲမှာ အလုံး ရှိရင်၊ သားအိမ်ကို ထုတ်လိုက်ရင် ကလေးမရနိုင်တော့ဘူး။ အဲဒါမျိုးကို မှန်ပြောင်းနဲ့ခွဲစိတ်ကုသပေးခြင်းအားဖြင့် သားအိမ်၊ သားဥအိမ်တွေကို မထိခိုက်စေဘဲ မှန်ပြောင်းနဲ့ သီးသန့် ခွဲစိတ်ကုသပေးတာကြောင့် အကျိုးကျေးဇူးအများကြီးရှိပါတယ်။

 

သက်တမ်းစေ့နေထိုင်နိုင်

 

မှန်ပြောင်းနဲ့ ခွဲစိတ်ရတဲ့အခါမှာ သားသမီးရရှိမှုကိုမထိခိုက်စေပါဘူး။ အချိန်မတိုင်မီ သွေးဆုံးမှုမဖြစ်စေဘဲ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်သွားနိုင်မယ်။ အဲဒီလိုမျိုး အကျိုးကျေးဇူးတွေ ရှိပါတယ်။

 

မှန်ပြောင်းနဲ့ ခွဲစိတ်လို့မရတဲ့ ရောဂါတွေလည်း ရှိပါတယ်။ တချို့ဆို သားအိမ်ထဲကအလုံးက တော်တော်ကြီးနေပြီ၊ မေ့ဆေးပေးဖို့ မသင့်တော်တဲ့လူနာတွေ၊ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါတွေကို ထိခိုက်နိုင်မယ့် ခက်ခဲတဲ့လူနာတွေ၊ တချို့ ကင်ဆာမှာ အဆင့် ၃-၄ အဆင့်မြင့်သွားတဲ့လူနာ တွေကိုမှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှု လုပ်လို့ မရပါဘူး။ ။

 

ဒီဆေးရုံမှာတော့ ကျွန်မတို့က မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တာ များလာပြီ။ မှန်ပြောင်းကုသခြင်း လုပ်ငန်းတွေကို ဒီဆေးရုံမှာ တစ်ပတ်မှာ သုံးရက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ရက်ကို သုံးဦးနှုန်းနဲ့ ခွဲစိတ် ကုသပေးနေပါတယ်။ တစ်နှစ်တစ်နှစ်ဆိုရင် ရာကျော်ပါတယ်။ မှန်ပြောင်းနဲ့ ခွဲစိတ်ကုသရာမှာ ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်။ ဒီဆေးရုံမှာ မှန်ပြောင်းကုသမှုနဲ့ပတ်သက်ပြီး လူနာတွေကို ခွဲစိတ်ခနဲ့ ဆေးဝါးစရိတ်တွေက အခမဲ့ ကုသပေးပါတယ်။ နက်နဲတဲ့ခွဲစိတ်မှုတွေမှာတော့ တစ်ခါသုံးတွေ သုံးရတဲ့အတွက် တစ်ယောက် ချင်းမဟုတ်ဘဲ စုပေါင်းပြီး ပစ္စည်းတွေ ပြန်လည်စုဆောင်းရတဲ့အတွက် အလှူ ငွေသဘော ကောက်ခံရတာမျိုးတော့ ရှိပါတယ်။ ဒီမှန်ပြောင်းခွဲစိတ်ကုသမှုက လူနာတွေအတွက် အကျိုးကျေးဇူးများတဲ့အတွက် ဆေးပညာလောကမှာ အားပေးသင့်ပါတယ်။ အထူးသဖြင့် သားဖွားမီးယပ်ပညာ လောကမှာလည်း မှန်ပြောင်းခွဲစိတ်မှုကို အားပေးသင့်ပါတယ်။

 

mdn

 

Professor Chyi-Long Lee ထိုင်ဝမ် (Chang Gung Memorial Hospital, Chang Gung University)

 

အရင်တုန်းကလို ခွဲစိတ်တာ မလုပ်ဘဲ လူနာတွေကို မှန်ပြောင်းနဲ့ ခွဲစိတ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်က ရှင်းပြတာပါ။ ဗိုက်ကို ခွဲစိတ်ကုသမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ၀ ကျော်ကတည်းက ပေါ်ပေါက်ခဲ့တယ်။ အဲဒီကတစ်ဆင့် မှန်ပြောင်းနဲ့ ခွဲစိတ်မှုကပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကနေစပြီး ပေါ်ပေါက်လာတယ်။ အဲဒါကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာတယ်။ အဲဒီကတစ်ဆင့် ထပ်ပြီးတိုးတက် လာတာက စက်ရုပ်တွေကိုအသုံးပြုပြီးတော့ ခွဲစိတ်မှုတွေ ဖြစ်လာတယ်။ ခွဲစိတ်မှုတွေ တိုးတက်လာ အခုဆိုခွဲစိတ်ဖို့ အပေါက်တောင် မဖောက်ဘဲကိုယ်ခန္ဓာမှာရှိတဲ့ သဘာဝ အပေါက်တွေကနေ ခွဲစိတ်မှုတွေအထိ တဖြည်းဖြည်း တိုးတက်လာတယ်။ အဲဒီတိုးတက်မှုတွေက အခုထက် တိုးတက်အောင် အထောက်အပံ့ပေးမယ်။ အခုဆိုရင် နိုင်ငံတော်တော်များများမှာ ဒီလိုခွဲစိတ်ကုသမှုကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီ။ အနာကျက်ဖို့ စိတ်ပူစရာမလို ခွဲစိတ်မှုတွေလုပ်နေတဲ့ ဆရာဝန်တွေဟာ လူနာတွေကို ခွဲစိတ်မှု အကြီးကြီးတွေ မလုပ်တော့ဘဲ ဒီမှန်ပြောင်းနဲ့ ခွဲစိတ်ကုသတဲ့ ဆေးပညာရပ် သင်တန်းတွေကို ကျွန်တော်က ပို့ချပေးတာပါ။ အဓိက ရည်ရွယ်ချက်က ဒီခွဲစိတ်မှုမျိုးကို ဆရာဝန်တိုင်းလုပ်တတ်စေချင်တယ်။ ဆရာဝန်တွေ တော်တော်များများကို ဒီခွဲစိတ်မှုနဲ့ ရင်းနှီးကျွမ်းဝင်မှုဖြစ်စေချင်တယ်။ အရင်က ခွဲစိတ်မှုဒဏ်ရာကြီးရင် အနာကျက်ဖို့ လေးပတ်ကနေ ရှစ်ပတ်အထိ စောင့်ရတယ်။ အခု မှန်ပြောင်းနဲ့ ခွဲစိတ်မယ်ဆိုရင် ဒါမျိုး မရှိဘဲ ဗိုက်ကိုအပေါက်လေးဖောက်ပြီး ခွဲစိတ်ရတာဖြစ်တဲ့အတွက်ကြောင့် အနာမရှိဘူး၊ အနာကျက်ဖို့လည်း စိတ်ပူစရာမလိုဘူး။ လူနာလည်း နာလန်ထမြန်မယ်။ ခွဲစိတ်ပြီး ၂၄ နာရီ အတွင်းခွဲစိတ်ထားတယ်လို့ မထင်ရဘဲ ထပြီးအလုပ်လုပ်နိုင်တယ်။ ခွဲစိတ်မှုက ဓားနဲ့ခွဲတာမဟုတ်ဘဲ မှန်ပြောင်းနဲ့ အပေါက်လေးဖောက်ပြီး ထည့်ရတဲ့ အတွက် ထိခိုက်မှု မများဘူး။ အမာရွတ် ဖြစ်တဲ့နှုန်းလည်း နည်းတဲ့ အတွက်ကြောင့် လူနာအနေနဲ့ ခွဲစိတ် ပြီးတဲ့အခါ နာခြင်း၊ ကျင်ခြင်းလည်း လုံးဝမရှိဘူး။ ဒါက လူနာတွေအတွက် အားသာချက်ပါ။

 

နောက်တစ်ခုက လမ်းလည်း မြန်မြန်ပြန်လျှောက်နိုင်တယ်။ ခြေထောက်မှာ သွေးကြောရောင်တဲ့ လက္ခဏာလည်း မရှိဘူး။ အခုဆိုရင် သားအိမ်ထုတ်ရင် ဗိုက်ကမဖောက်ဘဲ သဘာဝအပေါက်ကနေ သားအိမ်ကို ထုတ်ရတဲ့အတွက် ဗိုက်မှာ အပေါက် မရှိဘဲ တစ်ဆင့်ပိုပြီး တိုးတက်လာပါ တယ်။ လူနာလည်း တစ်ပတ်အတွင်း အလုပ်ပြန်လုပ်နိုင်တယ်။ အဲဒါအပြင် ကင်ဆာလူနာတွေ အတွက်လည်း မှန်ပြောင်းကို အဆ ၂၀ အထိ ချဲ့ကြည့်နိုင်တဲ့အတွက် ရောဂါဆိုလည်း အနီးကပ်မြင်ရတော့ ပိုပြီးတိတိကျကျ ကုသနိုင်တယ်။ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း သူ့မှာခွဲစိတ်ရမယ်ဆိုတဲ့ ကြောက်စိတ် မရှိတော့တဲ့အတွက် ရောဂါကို ကုသချင်တဲ့စိတ် ဖြစ်ပေါ်စေတယ်။ လူနာအတွက်လည်းအကျိုးတွေ အများကြီး ရှိပါတယ်။

 

mdn

 

Dr. Aranya Yantapant

ထိုင်းနိုင်ငံ(Rajavithi Hospital)

 

ဒီစီမံကိန်းကို စတင်ရတဲ့ အကြောင်းရင်းရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဗဟိုအမျိုးသမီးဆေးရုံ ကြီး(ရန်ကုန်) ရောက်ခဲ့တယ်။ မြန်မာနိုင်ငံက ဆရာဝန်တွေက အင်မတန်တော်ပါတယ်။ ဒီမှာလည်း မှန်ပြောင်းနဲ့ ခွဲစိတ်ကုသတဲ့ လူနာတွေက အများကြီး မရှိသေးတဲ့အတွက် ဒီဆေးရုံမှာ မှန်ပြောင်းနဲ့ခွဲစိတ် ကုသတဲ့ ဆရာဝန်တွေကို အထောက်အကူဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို စခဲ့တာပါ။ ခွဲစိတ်ကုသမှုအထောက်အကူဖြစ်စေ

နောက် ရည်ရွယ်ချက်ကတော့ ကျွန်မတို့က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့အတွက် အာဆီယံ နိုင်ငံတွေမှာ မှန်ပြောင်းနဲ့ခွဲစိတ်ကုသ မှုတွေကို အထောက်အကူဖြစ်စေချင် တယ်။ ဒီလိုကုသမှုကို အားပေးစေချင်တယ်၊ ကျယ်ပြန့်စေချင်တယ်။ ဒီကုသနည်းကို သဘောကျတယ်၊ အာဆီယံနိုင်ငံတွေက ဆရာဝန်တွေကိုလည်း ဒီကုသနည်းကို လုပ်စေချင်တယ်၊ တိုးတက်စေချင်တယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို စခဲ့တာပါ။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်